နိုဝင်ဘာ ၁၀၊ ၂၀၁၈
M-Media

မဲလ်ဘုန်းမြို့လယ်ကောင်တွင် ဓားဖြင့်လိုက်ထိုးမှုကြောင့် လူတစ်ဦးသေဆုံး
==============
သြစတေးလျနိုင်ငံမှာ မနေ့က ဆိုမာလီနွယ်ဖွား အမျိုးသားတစ်ဦး ဓားနဲ့လိုက်ထိုးမှုအကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူဟာ မြို့လယ်ကောင်မှာ ဂက်စ်အိုးတွေတင်ထားတဲ့ကားကိုး မီးရှို့ခဲ့ပြီး မပေါက်ကွဲခဲ့ဘဲ အဲဒီနောက်မှာ ဒီအမျိုးသားက လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကနေ ရရှိတဲ့ဒဏ်ရာကြောင့် ဓားသမားဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ သြဇီအာဏာပိုင်တွေက ဒီအဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ပြောပေမယ့် ဓားသမားဟာ ဘယ်အဖွဲ့အစည်းနဲ့မှ တိုက်ရိုက် ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။
ရုရှားအတွက် သူလျှိုလုပ်ပေးမှုဖြင့် သြစတြီးယားက ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေး
==================
ရုရှားအတွက် ၁၉၉၀ ပြည့်နှစ်တွေကတည်းက သူလျှိုလုပ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေးနေတယ်လို့ သြစတြီးယားဝန်ကြီးချုပ် ဆီဘက်စတီယန် ကာ့ဇ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဥရောပနိုင်ငံတွေကို ရုရှားက လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့သတင်းဟာ အရင်ကလည်း ထွက်ခဲ့ဖူးပြီး နယ်သာလန်က သူတို့နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ ဓာတုလက်နက် ထိန်းချုပ်ရေးရုံးချုပ်ကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့စွဲချက်နဲ့ ဧပြီလမှာ ရုရှားနိုင်ငံသား ၄ ဦးကို နှင်ထုတ်ခဲ့ပါတယ်။ ကာ့ဇ်က နယ်သာလန်ကိစ္စနဲ့ အခု သြစတြီးကိစ္စသာ အမှန်တွေဖြစ်မယ်ဆိုရင် ဥရောပနဲ့ ရုရှားအကြား ဆက်ဆံရေးတိုးတက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းထားပါတယ်။
သီရိလင်္ကာသမ္မတက လွှတ်တော်ကို ဖျက်သိမ်း၊ ဇန်န၀ါရီတွင် ရွေးကောက်ပွဲကျင်းပမည်
==================
သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဆရီဆီနာဟာ ပြီးခဲ့တဲ့လက အခြေခံဥပဒေနဲ့ဆန့်ကျင်ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ္စကရီမီဆင်ဟီကို ရာထူးကထုတ်ပယ်ခဲ့ပြီး သမ္မတဟောင်း ရာဂျာပက်ဆာကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သီရိလင်္ကာမှာ နိုင်ငံရေးမတည်မငြိမ်မှု စဖြစ်လာခဲ့ပြီး အခုလို လွှတ်တော်ကို ဖျက်သိမ်းမှုဟာ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။
အာဖဂန်ငြိမ်းချမ်းရေးအတွက် ရုရှားတွင် ဆွေးနွေး
===============
အမေရိကန်ရဲ့ ကျူးကျော်မှုအပြီး အာဖဂန်မှာ ၁၇ နှစ်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားကဦးဆောင်ပြီး မနေ့က ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား တိုက်ရိုက် ငြိမ်းချမ်ရေးဆွေးနွေးဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ရုရှားဟာ ဒီအစည်းအဝေးအတွက် အမေရိကန်၊ အီရန်၊ တရုတ်၊ ပါကစ္စတန်နဲ့ အလယ်အာရှက နိုင်ငံ ၅ နိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အိန္ဒိယကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပြီး အာဖဂန်ကိစ္စမှာ အိန္ဒိယက ပထမဆုံးပါဝင်မှု ဖြစ်ပါတယ်။ ကာတာအခြေစိုက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာကလည်း အမေရိကန်ကိုယ်စားလှယ်နဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
Ref: Aljazeera