နိုဝင်ဘာ ၁၅၊ ၂၀၁၈
M-Media
အစ္စရေးကာကွယ်ရေးဝန်ကြီးနှုတ်ထွက်မှု မိမိတို့အောင်ပွဲဟု ဟားမက်စ်ပြော
=================
အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါရ် လီဘာမန် နှုတ်ထွက်သွားမှုဟာ မိမိတို့ရဲ့ နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ အရပ်သားအသွင်ယူ ကွန်မန်ဒိုတွေစေလွှတ်ကာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဟားမက်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်ရဲ့ကြားဝင်ပေးမှုနဲ့ အင်္ဂါနေ့မှာ အစ္စရေး-ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ လီဘာမန်က အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ အဘူဇူဟ်ရီက လီဘာမန်နှုတ်ထွက်မှုဟာ ပါလက်စတိုင်းတော်လှန်ရေးကို ရင်မဆိုင်နိုင်ကြောင်း ၀န်ခံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ပွဲတွင်သိမ်းထားသည့် ခေါင်းလောင်း ၃ လုံးကို အမေရိကန်က ဖိလစ်ပိုင်ကို ပြန်ပေးမည်
===============
အမေရိကန်-ဖိလစ်ပိုင်စစ်ပွဲအတွင်း ၁၉၀၁ ခုနှစ် တိုက်ပွဲက သိမ်းယူခဲ့တဲ့ ဘုရားကျောင်းသုံး ခေါင်းလောင်း ၃ ခုကို လာမယ့် ဒီဇင်ဘာလ အစောဆုံးထားပြီး
ဖိလစ်ပိုင်ကို ပြန်ပေးတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အဲဒီခေါင်းလောင်းတွေကို စစ်ပွဲလက်ရပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ယိုမင်းပြည်နယ်မှာ ၂ လုံး၊ တောင်ကိုရိးယားက အမေရိကန်စစ်သမိုင်းပြတိုက်မှာတစ်ခု ပြသထားတာပါ။ ဖိလစ်ပိုင်ဘက်ကလည်း ခေါင်းလောင်းပြန်ရရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကိုပြန်ပေးဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်ပြန်တစ်ချို့က ကန့်ကွက်နေကြပါတယ်။
မဟာမိတ်များမှာ ငွေဝယ်ကျွန်မဟုတ်ဟု ထရမ့်ကို ပြင်သစ်သမ္မတပြော
================
မဟာမိတ်ဖြစ်တဲ့ မိမိတို့ကို အမေရိကန်က လေးလေးစားစား ဆက်ဆံသင့်ပြီး မိမိတို့ဟာ ငွေဝယ်ကျွန်မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားအတွက် ပြင်သစ်ကို ရောက်လာတဲ့ထရမ့်ကို မာခရွန်က ဥရောပတပ်ပေါင်းစုဖွဲ့ရေး ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်က ပြင်သစ်ဟာ ကမ္ဘာစစ်နှစ်ခုမှာ ဂျာမနီကို ရှုံးနိမ့်မယ်ဆဲဆဲ မိမိတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ စကားနာထိုးခဲ့ပါတယ်။ မာခရွန်က ထရမ့်ဟာ ပြည်တွင်းမှာ နိုင်ငံရေးကစားဖို့ ဒီလိုတွေ ပြောဆိုနေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ မာခရွန်ဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို ရင်ဆိုင်နိုင်ရေး ဥရောပတပ်ပေါင်းစုဖွဲ့စည်းဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။
Ref: Aljazeera
Comments