နိုဝင်ဘာ ၁၆၊ ၂၀၁၈
M-Media
– စင်ကာပူမှာပြေးဆွဲနေတဲ့ အများပြည်သူသုံး ဘတ်စ်ကားလိုင်းတွေမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကနေစတင်ပြီး အခမဲ့ဝိုင်ဖိုင် အသုံးပြုနိုင်တော့မယ်လို့ စင်ကာပူ ဘတ်စ်ကားဝန်ဆောင်မှုအဖွဲ့ SBS Transit က ဗုဒ္ဓဟူးနေ့မှာ ပောကြားခဲ့ပါတယ်။
လိုင်ပေါင်း ၁၈ လိုင်းက ဘတ်စ်ကား ၃၀၀ လောက်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Bukit Merah Bus Package အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ SBS Transit အဖွဲ့ရဲ့ စီအီးအို ဂျူအေ ကီယက်က မိမိတို့အနေနဲ့ ဘတ်စ်ကားစီးနင်းသူတွေ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေကာ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
“နည်းပညာရဲ့ အားသာချက်ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်အောင်၊ ပြည်သူတွေ သတင်းအချက်အလက် ရရှိနိုင်မှု တိုးတက်လာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”
Bukit Merah နဲ့ HarbourFront ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားလိုင်းတွေရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ပြီး၊ အဆင်မပြေတာရှိရင် သတင်းပေးပို့နိုင်မယ့် ဒစ်ဂျစ်တယ် ဘုတ်တွေကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့ကနေစပြီး ထားပေးထားပါတယ်။
အခြား ဘတ်စ်ကားဂိတ်နှစ်ခုမှာ ဖုန်းအားသွင်းပေါက်တွေ၊ အခမဲ့ငှားလို့ရမယ့်ထီးတွေ၊ အချက်အလက်တွေ၊ အခမ်းအနားတွေနဲ့ ပွဲတော်တွေကို ကြေငြာပေးနေမယ့် စခရင်ကြီးတွေကို ထားရှိသွားဖို့လည်း SBS Transit က စီစဉ်ထားပါတယ်။
Ref: CNA
Comments