နိုဝင်ဘာ ၂၄၊ ၂၀၁၈
M-Media
– ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်ကို မှေးမှိန်စေမယ့် ဓာတုဆေးတွေဖြန်းပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်မယ့် အစီအစဉ်တစ်ခုကို ဟားဗဒ်နဲ့ ယေးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဖော်ထုတ်တင်ပြလာကြပါတယ်။
ဒီအစီအစဉ်ကို Environmental Research Letters ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၁၂ မိုင်မှာရှိတဲ့ လေထုအလွှာ stratosphere မှာ ဆာလ်ဖိတ်အမှုန် ပမာဏ တော်တော်များများကို ထည့်သွင်းမယ့်နည်းလမ်း ဖြစ်ပါတယ်။
ဒီနည်းလမ်းကြောင့် နေရောင်မှိန်သွားကာ ကမ္ဘာကြီးပူနွေးမှုကို ထက်ဝက်လောက် လျှော့ချနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပြောဆိုထားပေမယ့် လိုအပ်တဲ့ဆာလ်ဖိတ်အမှုန်တွေကို stratosphere ထဲ ထည့်သွင်းဖို့ အသုံးပြုနိုင်မယ့် လေယာဉ်မျိုး၊ နည်းပညာမျိုး လက်ရှိမှာ မရှိသေးပါဘူး။
ဒါပေမယ့် Environmental Research Letters က စာတမ်းမှာတော့ လိုအပ်တဲ့ ကုန်တင်လေယာဉ်မျိုး တည်ဆောက်ဖို့ဆိုတာ နည်းပညာအရရော၊ ကုန်ကျစားရိတ်အရပါ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီစီမံကိန်းအတွက် ခန့်မှန်း သတ်မှတ်ကာလက ၁၅ နှစ်နဲ့ ကုန်ကျစားရိတ်က ကန်ဒေါ်လာ ၃.၅ ဘီလီယံ ရှိမှာဖြစ်တယ်လို့လည်း စာတမ်းက ဆိုပါတယ်။ အသုံးပြုဖို့အတွက် ကုန်ကျစားရိတ်ဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၂.၂၅ ဘီလီယံလောက် ရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာ စီမံကိန်းက စိတ်ကူးသက်သက်သာဖြစ်ပြီး မိုးခေါင်တာ၊ ရာသီဥတုဆိုးရွားတာတွေလို ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက စာတမ်းမှာ ၀န်ခံထားပါတယ်။
လက်ရှိ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်တက်လာမှုကြောင့်ဖြစ်ပြီး ဒီကိစ္စကိုတော့ စာတမ်းမှာ ဆွေးနွေးထားခြင်း မရှိပါဘူး။
Ref: CNN
Comments