ဒီဇင်ဘာ ၁၃၊ ၂၀၁၈
M-Media
– ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ အေဒင်ပင်လယ်ကွေ့၊ ပင်လယ်နီတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံ ၇ နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့အတွက် မနေ့က ဆော်ဒီမှာ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပါတယ်။
အီဂျစ်၊ ဒီဘူတီ၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဂျော်ဒန်နဲ့ ဆော်ဒီနိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ ရီယာ့ဒ်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတာပါ။ အဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတွေက ကျွမ်းကျင်သူတွေဟာ နောက်ပိုင်း ကိုင်ရိုမှာ အသေးစိတ်ဆွေးနွေးမှုတွေလည်း လုပ်ဖို့ရှိနေပါတယ်။
“ဒီအဖွဲ့ဟာ မိမိတို့နိုင်ငံနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ဒေသတည်ငြိမ်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအကြား စုပေါင်းအင်အားတစ်ခု ပေါ်ပေါက်လာဖို့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဒေသက နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆွေးနွေးမှု ပိုမိုလုပ်နိုင်လေလေ၊ အပြင်က မလိုလားအပ်တဲ့ လွှမ်းမိုးမှုတွေ လျှော့ကျလေလေပါပဲ” လို့ ဆွေးနွေးပွဲအပြီးမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ်က ပြောကြားခဲ့ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ အီသီယိုးပီးယားနဲ့ အီရစ်ထရီယာနိုင်ငံတွေ ပါဝင်ခြင်း မရှိခဲ့ပါဘူး။
ဥရောပ၊ အမေရိကန်နဲ့ အာရှဒေသကို ရေနံတင်ပို့ရာမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်တဲ့ အလ်-မန်ဒဘ်ရေလက်ကြားဟာ ပင်လယ်နီမှာ ရှိတာဖြစ်ပါတယ်။
အလ်-ဂျူဘိုင်းရ်က အစည်းအဝေးအတွင်း ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ဆော်ဒီက ဒေသအတွင်း လုပ်ဆောင်မယ့် စီမံကိန်းကြီးတွေကို ချပြခဲ့ပြီး အဲဒီအထဲမှာ အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ဆောင်ရွက်မယ့် ကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန် စီးပွားရေးဇုန်နဲ့ ဇိမ်ခံခရီးသွားလုပ်ငန်း စီမံကိန်းလည်း ပါဝင်ပါတယ်။
Ref: Arab News
Comments