ဒီဇင်ဘာ ၁၃၊ ၂၀၁၈
M-Media
– မစ်ဖ်သာအင် အန်အမ် မောင်လာနာ ဟာဘီဘွရ်ရဟ်မန်ဟာ သာမန် တရားဟောဆရာတစ်ယောက် မဟုတ်ပါဘူး။
သံပုရာခြမ်းဦးထုတ်အစား သူဟာ ၁၉၈၀ ပြည့်နှစ်တွေက ခေတ်စားခဲ့တဲ့ ဂျာဗားရိုးရာခေါင်းပေါင်းကို ၀တ်ဆင်ထားပါတယ်။ သူရဲ့ တရားဟောကြားမှုတွေဟာ ဗလီတွေမှာမဟုတ်ဘဲ နိုက်ကလပ်တွေမှာ ဖြစ်ပါတယ်။
ကမ္ဘာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ မကောင်းမှုဒုစရိုက်တွေအပေါ် သည်းမခံနိုင်မှု မြင့်တက်လာတဲ့အချိန် ဟာဘီဘွရ်ရဟ်မန်က သူဟာ ကလပ်တွေ၊ ဘားတွေမှာ အလုပ်လုပ်နေတာကြောင့် ပတ်ဝန်းကျင်အသုံးအ၀ိုင်းရဲ့ နှာခေါင်းရှုတ်မှုကို ခံနေရသူတွေရဲ့ ဘာသာသာသနာကို ဆက်လက်ရှင်သန်အောင် လုပ်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။
“နိဗ္ဗာန်တို့၊ ငရဲတို့အကြောင်းကို ကျွန်တော် သိပ်မပြောဘူးဗျ။ ဒါတွေက သူတို့ သိပြီးသားတွေလေ။ ဘ၀ရဲ့တောင်းဆိုမှု၊ အလုပ်လိုအပ်ချက်၊ ဘ၀ရှင်သန်ဖို့ လိုအပ်မှုတွေက သူတို့ကို ဒီအလုပ်တွေထဲ တွန်းပို့ကြတယ်။ သူတို့ကို ကောင်းတယ်ဆိုးတယ်လို့ ဝေဖန်ပိုင်းခြားခွင့် ကျွန်တော့်မှာမရှိဘူး။ ဘယ်လိုဘ၀ရောက်ရောက် သူတို့ ဘုရားသခင်ကို မေ့မသွားဖို့ ကျွန်တော် ဒီမှာ လာပြီး ကူညီပေးနေတာ”
ဟာဘီဘွရ်ရဟ်မန်ဟာ ယိုဂျာကားတားမှာ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ ကလပ်တွေနဲ့ အမှောင်လောကတွေမှာ ဒီလိုတရားသွားဟောတာဟာ အစ္စလာမ်သာသနာကို စော်ကားမှုဖြစ်တယ်လို့ ရှေးရိုးစွဲအုပ်စုတွေက ဝေဖန်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဘားတွေ၊ ကလပ်တွေကို သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေက ၀င်ရောက်စီးနင်းတာ၊ လိင်လုပ်သားတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တဲ့ လိင်တူချစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မြင့်တက်လာခ့ပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နဲ့ အခြား ဘာသာရေးလူနည်းစုတွေလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကို သဘောထားတင်းမာတဲ့ပုံစံ ကျင့်သုံးမှုတွေကြောင့် ဘာသာရေးမစွက်တဲ့ အင်ဒိုနီးရှားမှာ သည်းခံနိုင်စွမ်း လျော့ကျလာသလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
ဂျကာတာရဲ့ မြို့တော်ဝန်ဟောင်းဖြစ်တဲ့ တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင်ဟာ သူ့ရဲ့ မိန့်ခွန်းမှာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ စကားတွေ ပြေဆိုတယ်လို့ စွပ်စွဲခံရပြီး ပြီးခဲ့တဲ့နှစ်မှာ သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။
ဗလီက ၀တ်ပြုဖို့ နှိုးဆော်တဲ့အသံဟာ ကျယ်လွန်းတယ်လို့ ဝေဖန်တဲ့ တရုတ်ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကိုလည်း သဘောထားတင်းမာတဲ့အုပ်စုတွေက သာသနာစော်ကားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် သြဂုတ်လမှာ ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရပါတယ်။
ဟာဘီဘွရ်ရဟ်မန်အနေနဲ့ တရားဟောာကြာမှုနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား အစ္စလာမ်သာသနာ့ပညာရှင်များကောင်စီ အဖွဲ့ဝင်တွေက ပြောကြားကြောင်း အင်ဒိုနီးရှားမီဒီယာတွေက ဖော်ပြကြပါတယ်။
Boshe VVIP နိုက်ကလပ်က မန်နေဂျာဖြစ်သူ ယူဒစ် စတီဗန်နီက နိုက်ကလပ်ဟာ တရားဟောဖို့ မသင့်တော်ဘူးဆိုတဲ့ ပြောကြားမှုတွေကို လက်မခံဘူးလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်မအမြင်ကတော့ ဒါဟာ နေရာတစ်ခုပါပဲ။ အသိပညာပေးတယ်ဆိုတာကို ဘယ်နေရမှာမဆို လုပ်လို့ရပါတယ်”
တစ်နာရီခွဲကြာမြင့်တဲ့ တရားကို နားထောင်ခဲ့တဲ့ နိုက်ကလပ် အလုပ်သမားတွေက သူတို့အနေနဲ့ ဟာဘီဘရ်ရဟ်မန်ရဲ့ အာဝဇ္ဇန်းရွှင်မှုကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ ဒီလိုအလုပ်မျိုး လုပ်နေပေမယ့် ကျွန်မတို့မှာ ဘာသာတရားရှိတယ်။ ကောင်းတာတွေကိုပဲ ကျွန်မတို့ လုပ်ချင်ပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် ၀န်ထမ်းအမျိုးသမီးက ပြောကြားခဲ့ပါတယ်။
အခြားအခန်းတစ်ခုမှာ အသက် ၂၅ နှစ်အရွယ် စားပွဲထိုးတစ်ယောက်ဟာ ပုဝါဆောင်းပြီး ဘုရားဝတ်ပြုနေပါတယ်။ ဟဘီဘွရ်ရဟ်မန်ရဲ့ တရားက အလုပ်နဲ့ပတ်သက်ပြီး ခံစားရမှုအတွက် အားဆေးဖြစ်တယ်လို့ ဆိုပါတယ်။
“သူငယ်ချင်းတွေက ကျွန်မအလုပ် မကောင်းဘူးလို့ပြောတယ်။ ဒါပေမယ့် ဒီလိုဝေဖန်မှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် တရားက အင်အားဖြစ်စေပါတယ်”
Ref: CNA
(Channel News Asia သတင်းဌာနတွင် ဖော်ပြထားသည့် Muslim preacher defies conservatism to preach in Indonesia nightclubs ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments