ဒီဇင်ဘာ ၁၈၊ ၂၀၁၈
M-Media
– တောင်ကိုရီးယားက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ May 18 Memorial Foundation ဟာ ၂၀၀၄ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Gwangju လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။
May 18 Memorial Foundation ရဲ့ ဘုတ်အဖွဲ့က ဆုရုပ်သိမ်းဖို့ တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စစ်တပ်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ‘လစ်လျူရှုထားတဲ့အတွက်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ရိုဟင်ဂျာတွေ ခံစားရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူမ လစ်လျူရှုထားတာဟာ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရေးဆိုတဲ့ ဆုရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဂျင်တေးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
၁၉၈၀ ခုနှစ်က ဂွမ်ဂျူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရရှိရေး လူထုအုံကြွမှုကို အထိမ်းအမှတ်ပြုကာ May 18 Memorial Foundation လူ့အခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင် ချန်ဒူးဝမ်ကို ဆန့်ကျင်တဲ့ အဲဒီလူထုအုံကြွမှုမှာ လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအချိန်ကစခဲ့တဲ့ တောင်ကိုရီးယား ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ နောက်ထပ် ၇ နှစ်အကြာမှာတော့ အောင်မြင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုတွေ ရှိတယ်လို့ ကုလက စွပ်စွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ် နှုတ်ဆိတ်နေမှုအတွက် ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Ambassador of Conscience Award ဆုကို ပြီးခဲ့တဲ့လမှာ ရုပ်သိမ်းခဲ့ပါတယ်။
Ref: CNA
Comments