ဒီဇင်ဘာ ၁၈၊ ၂၀၁၈
M-Media
– ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်မှုဟာ အရင်က ထင်ထားတာထက် ပိုမိုကျယ်ပြန့်ပြီး၊ နာမည်ကြီး ဆိုရှယ်မီဒီယာအားလုံးကို အသုံးပြုကာ အမေရိကန်တွေအကြား လူမျိုးရေး၊ အစွန်းရောက်အယူအဆတွေနဲ့ သွေးခွဲပြီး ထရမ့်ကို ကူညီပေးခဲ့တယ်လို့ ပုဂ္ဂလိက အဖွဲ့အစည်းနှစ်ခုရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
New Knowledge အဖွဲ့၊ Graphika လေ့လာရေးအဖွဲ့နဲ့ အလုပ်တွဲလုပ်နေတဲ့ အောက်ဖို့ဒ်တက္ကသိုလ်က အဖွဲ့တစ်ခုတို့က သူတို့ရဲ့ လေ့လာဆန်းစစ်ချက်တွေကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားအစိုးရရဲ့ စိန့်ပီတာစဘတ်မြို့အခြေစိုက် အင်တာနက် သုတေသနအေဂျင်စီ Internet Research Agency ဟာ အမေရိကန်နိုင်ငံရေးမှာ အမြတ်ထုတ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ စောစောပိုင်းတွေ့ရှိချက်တွေကို အစီရင်ခံစာတွေမှာ အတည်ပြုခဲ့ပြီး၊ အရင်နှစ်တွေကတည်းက အခုအချိန် လုပ်နေတယ်လို့ဆိုတဲ့ ရုရှားရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။
အဲဒီဆောင်ရွက်ချက်တွေထဲကတစ်ခုကတော့ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ဥက္ကဌ ရီပက်ဘလစ်ကန်အမတ် ရစ်ချက်ဘားရ်က အခု ထွက်ရှိလာတဲ့ အချက်အလက်အသစ်တွေဟာ အမေရိကန်ကို လူမျိုးရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာ အကွဲအပြဲတွေဖြစ်အောင် ရုရှားက ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တယ်ဆိုတာကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားအင်တာနက်လေ့လာဆန်းစစ်ရေး အေဂျင်စီဟာ အမေရိန်က ဒီမိုကရက်တစ်အဖွဲ့အစည်းတွေမှာ ယုံကြည်မှုပျက်ဆီးအောင် လုပ်ဆောင်ခဲ့ပြီး၊ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။
ထောက်လှမ်းရေးကော်မတီက ထိပ်တန်း ဒီမိုကရက်ဖြစ်အမတ်ဖြစ်တဲ့ မာ့ခ်ဝါနာက ရုရှားဟာ အမေရိကန်ဒီမိုကရေစီ ပျက်ဆီးအောင် ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့လူ့အဖွဲ့အစည်းက အားနည်းချက်တွေကို အသုံးချပြီး ကျွန်တော်တို့ဒီမိုကရေစီ ပျက်ဆီးသွားအောင် အမေရိကန်တွေအကြား သွေးခွဲမှုကို ရုရှားက ဘယ်လောက်တောင် ကြိုစားပမ်းစား လုပ်ဆောင်နေလဲဆိုတာ ဒီအစီရင်ခံစာတွေမှာ တွေ့မြင်နေရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အရင်ကပေါ်ထွက်ခဲ့တာထက်ပိုပြီး ခြုံငုံမိတယ်၊ အချက်အလက်စုံတယ်၊ ကျယ်လည်းကျယ်ပြန့်ပါတယ်” လို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ထိပ်တန်းဒီမိုကရက် မာ့ခ်ဝါရ်နာက ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments