ဒီဇင်ဘာ ၁၈၊ ၂၀၁၈
M-Media
– တရုတ်နိုင်ငံရဲ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး လေယာဉ်တင်သင်္ဘော တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ ၅ နှစ် စစ်ရေးဘက်ဂျက်ဟာ ကန်ဒေါ်လာ ၂၄၂ ဘီလီယံရှိပြီး လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးအပြင် နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် အစီး ၁၀၀ ကျော်လောက် ၀ယ်ယူဖို့လည်း ပါဝင်ပါတယ်။
လေယာဉ်သင်္ဘောကို အသစ်တည်ဆောက်မှာမဟုတ်ဘဲ လက်ရှိ ဂျပန်ရေတပ်မှာ အသုံးပြုနေတဲ့ Izumo ရဟတ်ယာဉ်တင်သင်္ဘော ၂ စီးကို ပေါင်းစပ်ပြီး ဖန်တီးမှာ ဖြစ်ပါတယ်။ အဲဒီ ရဟတ်ယာဉ်တင်သင်္ဘောဟာ ဂျပန်ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောလည်း ဖြစ်ပါတယ်။
အဲဒီသင်္ဘောဟာ သာမန်တိုက်လေယာဉ်တွေကို တင်ဆောင်လို့မရဘဲ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်မယ့် F-35 တိုက်လေယာဉ်တွေကို တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက လေယာဉ်တင်သင်္ဘောနဲ့ တိုက်လေယာဉ်အသစ်တွေဟာ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေကို ကာကွယ်ရေးဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“အိုကီနာဝါနဲ့ ထိုင်ဝမ်ကျွန်းကြားမှာ ကျွန်တော်တို့ရဲ့ စစ်အင်အားတည်ရှိမှုက တော်တော်လေးကို အားနည်းပါတယ်”
ဖန်တီးမယ့် လေယာဉ်တင်သင်္ဘောဟာ အမေရိကန်မှာရှိတဲ့ လေယာဉ်တင်သင်္ဘောတွေလိုမျိုး ပြီးပြည့်စုံမှာမဟုတ်ဘဲ၊ ၀ယ်ယူမယ့် တိုက်လေယာဉ်တွေဟာ မြေပြင်မှာ ချထားဖို့အတွက် အဓိကဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တင်သင်္ဘော ၁၀ စီးလောက်ရှိပြီး အဲဒီအထဲက တစ်စီးကို အမေရိကန်ပိုင် ပုလဲဆိပ်ကမ်း ဗုံးကြဲရာမှာ အသုံးပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေမှာ စစ်အင်အားကြီးမားအောင် ဆောင်ရွက်မှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒီတားမြစ်ချက်ကို ပယ်ဖျက်နိုင်အောင် ကြိုးစားနေပြီး၊ အမေရိကန်က Tomahawk ဒုံးကျည်တွေ၊ F-35 တိုက်လေယာဉ်တွေ ၀ယ်ယူဖို့လည်း စီစဉ်နေပါတယ်။
Ref: RT
Comments