ဒီဇင်ဘာ ၂၅၊ ၂၀၁၈
M-Media
– ဆော်ဒီအာရေဗျနိုင်ငံရဲ့ ပထမဆုံးစက်ရုပ်ဟာ တနင်္ဂနွေနေ့က ဆော်ဒီ အစိုးရဌာနတစ်ခုမှာ ပထမဆုံး အလုပ်ဝင်ခဲ့တယ်လို့ သိရပါတယ်။
နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင်ရေးဌာန TVTC မှာ အလုပ်ဝင်တာဖြစ်ပြီး ဌာနက ၀န်ထမ်းကဒ်နဲ့ အလုပ်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ စက်ရုပ် အလုပ်ခန့်အပ်မှု အခမ်းအနားကို ဆော်ဒီ ပညာရေးဝန်ကြီး အဟ်မဒ် အလ်-အီစနဲ့ TVTC အကြီးအကဲ အဟ်မဒ် အလ်-ဖာဟစ်တို့ တက်ရောက်ခဲ့ပါတယ်။
အဲဒီစက်ရုပ်ဟာ အီလက်ထရောနစ် တွက်ချက်မှုစနစ်နဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး TVTC က လုပ်တဲ့ ပြပွဲတွေ၊ အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ လာရောက်လည်ပတ်သူတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
ဆော်ဒီရဲ့ ‘၂၀၃၀ ရည်မှန်းချက်’ မှာ နည်းပညာဆိုင်ရာ အဆင်မြှင့်တင်ရေး စီမံကိန်းလည်း ပါဝင်ပြီး အခုလို စက်ရုပ်တွေကို အသုံးပြုမှုက ပြည်သူတွေကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထိတွေ့မှုရရှိစေတယ်လို့ အလ်-အီဆာက ပြောကြားခဲ့ပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဆော်ဒီဟာ လူသားပုံစံ ဖန်တီးထားတဲ့ စက်ရုပ် Sophia ကို နိုင်ငံသားပေးခဲ့ပြီး ကမ္ဘာ့ ပထမဆုံး နိုင်ငံသားဖြစ်တဲ့ စက်ရုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: Arabia
Comments