ဇန်န၀ါရီ ၅၊ ၂၀၁၉
M-Media
– တိုက်ပွဲဖြစ်လာရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ကို တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံဟာ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေကို တိုးမြှင့် ရင်ဆိုင်လာရတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
တရုတ်စစ်တပ်ကို ကွပ်ကဲတဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရှီကျင့်ဖျင်ဟာ ဒီကနေ့မှာ တရုတ် ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ရှီက မိမိတို့စစ်တပ်အနေနဲ့ ခေတ်သစ်အတွက် မဟာဗျူဟာတွေ ချမှတ်ထားရမှာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ တာဝန်တွေလည်း ရှိနေပြီလို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ဖော်ပြခဲ့ပါတယ်။
“ရာစုနှစ်တစ်ခုလောက်အတွင်း ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ ပြောင်းလဲမှုကြီးတွေကို လက်ရှိမှာ ကမ္ဘာကြီးက ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟာဗျူဟာကျပြီး အရေးပါတဲ့ ကာလမှာ ရှိနေပါတယ်”
တရုတ်နိုင်ငံဟာ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ စစ်အင်အား တိုးမြှင့်ဖို့ လုပ်ဆောင်နေပြီး ကုန်သွယ်ရေး၊ ထိုင်ဝမ်ကိစ္စတွေကြောင့် အမေရိကန်နဲ့ တင်းမာမှုကလည်း မြင့်တက်လာနေပါတယ်။
ရှီက စစ်တပ်အနေနဲ့ အရေးပေါ်အခြေအနေတွေကို လျင်လျင်မြန်မြန် တုန့်ပြန်နိုင်စွမ်း လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပြီး တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ထိုဝမ်ကိစ္စ တင်းမာမှုမြင့်တက်
ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ရှီက ထိုင်ဝမ်ကျွန်း တရုတ်ပြည်မကြီးထဲ ပေါင်းစည်းရေးအတွက် စစ်ရေးအပါအ၀င် နည်းလမ်းမျိုးကို စဉ်းစားထားကြောင်းနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို လက်မခံကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen က ထိုင်ဝမ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီတို့ကို ကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဒီကနေ့မှာ တောင်းဆိုခဲ့ပြီး၊ ဒီလိုသာ မကာကွယ်ပေးဘူးဆိုရင် နောက်အလှည့်က တစ်ခြားနိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့လည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ထိုင်ဝမ်နိုင်ငံရဲ့ လုံခြုံရေးကို ပိုမိုအာမခံပေးမယ့် Asia Reassurance Initiative Act ဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
Ref: CNA
Comments