ဇန်န၀ါရီ ၆၊ ၂၀၁၉
M-Media
– ရုရှားအလှမယ်ဟောင်းကို လက်ထပ်တဲ့အတွက် ဝေဖန်ခံနေရတဲ့ မလေးဘုရင် ဆူလ်တန် မိုဟာမက် ၅ က သူ့အနေနဲ့ နန်းစွန့်ကြောင်း ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။
ဘုရင့်နန်းတော်ထိန်းအကြီးအကဲက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘုရင် မိုဟာမက်က ‘မလေးစော်ဘွားများအဖွဲ့’ အတွင်းရေးမှူးထံ နန်းစွန့်ကြောင်း စာနဲ့ အကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုဟာမက် ၅ ဟာ ကလန်တန်းပြည်နယ်က မလေးစော်ဘွားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ နိုင်ငံရဲ့ ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ဘုရင်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပြီး ပြည်နယ် ၁၃ ခုထဲမှာ စော်ဘွားစနစ်ရှိတဲ့ ပြည်နယ် ၉ ခုက စော်ဘွားတွေကို ၅ နှစ်တစ်ကြိမ် အလှည့်ကျရွေးကောက်ကာ နိုင်ငံရဲ့ ဘုရင်အဖြစ် တင်မြှောက်တာဖြစ်ပါတယ်။ ဘုရင်တင်မြှောက်မှုကိုတော့ စော်ဘွားများအဖွဲ့ Conference of Rulers က ဆောင်ရွက်တာ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူလ်တန် မိုဟာမက် ၅ နဲ့ မော်စကိုအလှမယ်ဟောင်း အသက် ၂၅ နှစ်အရွယ် အိုဆာနာ ဗိုဗိုဒီနာနဲ့ မော်စကိုမှာ လက်ထပ်ခဲ့တယ်လို့ နိုဝင်ဘာလက အွန်လိုင်းစာမျက်နှာမှာ သတင်းတွေ ပြန့်နှံ့ခဲ့ပါတယ်။ ရုရှားရဲ့ ထိပ်တန်း သတင်းဌာန RT က လက်ထပ်တဲ့သတင်းကို အတည်ပြုခဲ့ပေမယ့် မလေးရှားဝန်ကြီးချုပ်နဲ့ အစိုးရတို့ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်တာမျိုး မရှိပါဘူး။
ဆူလ်တန် မိုဟာမက် ၅ နန်းစွန့်တော့မယ်ဆိုတဲ့ သတင်းတွေကလည်း အခုသီတင်းပတ်အစောပိုင်းကတည်းက ထွက်နေခဲ့တာပါ။
အိမ်တော်ထိန်းက ဆူလ်တန်ဟာ တိုင်းပြည်ရဲ့ ၁၅ ယောက်မြောက် ဘုရင်အဖြစ် ရွေးကောက်တင်မြှောက်ခံရမှု၊ ၀န်ကြီးချုပ်နဲ့ အစိုးရတို့ သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အလွန်ကျေးဇူးတင်ကြောင်း၊ မလေးရှားနိုင်ငံသားတွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်နေထိုင်သွားဖို့ ဆန္ဒပြုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
နန်းစွန့်ပြီးတဲ့နောက် ဆူလ်တန်ဟာ သူ့ရဲ့ဇာတိ ကလန်တန်းပြည်နယ်ကို ပြန်မှာ ဖြစ်ပါတယ်။
Ref: CNA
Comments