ဇန်န၀ါရီ ၁၀၊ ၂၀၁၉
M-Media
– ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးရာမှာ မြန်မာစစ်တပ်က တားမြစ်ပိတ်ပင်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၄ မြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။
IDP စခန်းတွေမှာ အမိုးအကာ မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ကျောက်တော်မြို့နယ်မှာရှိတဲ့ စခန်းမှာ ပြည်သူတွေဟာ သီးတင်းပတ်နဲ့ချီ တာပေါ်လင်တဲတွေနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
ကျောက်တော်မြို့နယ်မှာရှိတဲ့ ရွာတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဆန်နဲ့ တခြားအကူအညီတွေပေးဖို့ စီစဉ်မှုတွေကို စစ်တပ်က တားမြစ်တာတွေလည်း ရှိနေပါတယ်။
ဦးခိုင်ကောင်းစံက သူတို့ဖောင်ဒေးရှင်းက ဆန်အိတ်တွေ သွားပို့မယ့်အစီအစဉ်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နှုတ်မိတ်နဲ့ ခွင့်ပြုခဲ့ပေမယ့် စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က အကူအညီပေးရေးဝန်ထမ်းတွေကို တားဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေအပေါ် အကူအညီပေးမှုကို စစ်တပ်က တားမြစ်ပိတ်ပင်တဲ့ ဖြစ်ရပ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ အကူအညီပေးရေးလုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ခဲ့တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က
ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
ကျောက်တော်မှာ ရွာပေါင်း ၂၀ က ရွာသားအားလုံးနီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တစ်ချို့ဒေသတွေမှာ ကူညီလို့ရပမေယ့် ထွက်ပြေးလာသူတွေ တော်တော်များများ နေထိုင်နေတဲ့ နေရာနှစ်ခုမှာ လုံးဝ ကူညီလို့မရကြောင်း ဦးခိုင်ကောင်းစံက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“သူတို့လုပ်ရပ်က လူ့အခွင့်အရေးကို ပြောင်းပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်”
မြန်မာနိုင်ငံက ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ကနု အောစ့်ဘီက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀ လောက် ရှိနေတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အိုးစွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးမယ်လို့ ကုလ မြန်မာအာဏာပိုင်တွေကို ကမ်းလှမ်းထားပေမယ့် မြေပြင်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ကလွဲလို့ အခြား အကူအညီပေးရေးအဖွဲ့တွေကို မမြင်ရသေးဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
Ref: Irrawaddy
(ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)
Comments