ဇန်န၀ါရီ ၁၄၊ ၂၀၁၉
M-Media
– ရန်ပုံငွေ ပြတ်လတ်မှုကြောင့် ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာက ပြည်သူတစ်ချို့ကို အကူအညီပေးမှု ရပ်ဆိုင်းခဲ့ရတယ်လို့ ကုလရဲ့ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်ပါတယ်။
အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလအဖွဲ့အစည်းတွေကို နိုင်ငံတကာက ထည့်ဝင်လှူဒါန်းငွေဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တစ်ဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ ငွေကြေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ရပ်ဆိုင်းလိုက်မှုက အခြေနေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။
WFP ရဲ့ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာ စတီဖင် ကီရာနီက ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး ဂါဇာနဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပြည်သူ ၂၇၀၀၀ လောက်ဟာ အကူအညီ လုံးဝ ရရှိမှာမဟုတ်တော့ဘဲ ၁၆၅၀၀၀ ကလည်း ပုံမှန်ရနေကြအကူအညီရဲ့ ၈၀ ရာခိုင်နှုန်းသာ ရမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း WFP ဟာ ဂါဇာက ပြည်သူ ၂ သိန်းခွဲ၊ အနောက်ဖက်ကမ်းက ပြည်သူ ၁၁၀၀၀၀ လောက်ကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် WFP ဟာ ဒီဇင် ၁၉ ရက်နေ့မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းထံကနေ အကူအညီတွေ ထပ်မံတောင်းခံခဲ့ပေမယ့် လိုအပ်သလောက် မရရှိခဲ့ပါဘူး။
အစ္စရေးနဲ့ အီဂျစ်တို့က ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူ ၂ သန်းမှာ ၈၀ ရာခိုင်နှုန်းက နိုင်ငံတကာရဲ့ အကူအညီကို မှီခိုအားထားနေရတာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments