ဇန်န၀ါရီ ၁၄၊ ၂၀၁၉
M-Media
– တရုတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် ဆမ်ဆောင်းက အခုလနှောင်းပိုင်းကျရင် အိန္ဒိယမှာ တန်ဖိုးနည်းဖုန်းတွေ စတင်ဖြန့်ချီဖို့ စီစဉ်နေပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖုန်းဈေးကွက်ဖြစ်ပြီး Xiaomi လို တရုတ်ဖုန်းတွေက ဈေးကွက်ရဲ့ ပမာဏ တော်တော်များများကို ရယူထားပါတယ်။
ဆမ်းဆောင်းက အခုဖြန့်ချီမယ့် ဘက်ဂျက်ဖုန်းတွေဟာ M စီးရီးဖြစ်ပြီး အွန်လိုင်း ဈေးဝယ်ဆိုက်တွေကနေ ရောင်းချမှာ ဖြစ်ပါတယ်။
“အိန္ဒိယက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေအတွက် M စီးရီးဖုန်းတွေကို စတင် ထုတ်လုပ်နေပါပြီ” လို့ ဆမ်ဆောင်းရဲ့ ထုတ်လုပ်ရေးနဲ့ ဈေးကွက်ဌာန ဒုတိယဥက္ကဌ မိုဟာမက် အာဆင်မ် ၀ါစီက ပြောကြားခဲ့ပါတယ်။
ဖုန်းရဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ကြာရှည်အသုံးခံမယ့် ဘတ္ထရီ၊ မြန်မြန်ဆန်ဆန် အားသွင်းနိုင်မယ့် စနစ်တွေ ပါဝင်မှာဖြစ်ပြီး တန်ဖိုးကလည်း ရူပီး တစ်သောင်း (ကန် ၁၄၁.၈၀ ဒေါ်လာ) ကနေ ရူပီး နှစ်သောင်းအကြား ရှိမယ်လို့ ဆိုပါတယ်။
M စီးရီးဖုန်းတွေကို အိန္ဒိယမှာ ဖြန့်ချီပြီးရင် ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်ဖြန့်ချီမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်းတစ်ထောင်ကျော်လောက်ရှိပြီး ဖုန်းမကိုင်နိုင်တဲ့သူက သန်း ၃၅၀ လောက် ရှိနေပါတယ်။
ဆမ်ဆောင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယဈေးကွက်ကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မြို့တော်နယူးဒေလီ ဆင်ခြေဖုံးမှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့သလို၊ နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာလည်း အကြီးဆုံး ဖုန်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။
ဝါစီက အခုလို ဘက်ဂျက်ဖုန်း ထုတ်လုပ်ရောင်းချမှုဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို ဂဏန်း ၂ လုံးအထိ တိုးတက်လာစေမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Reuters
Comments