ဇန်န၀ါရီ ၁၇၊ ၂၀၁၉
M-Media
– မနေ့က ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီက ထိပ်တန်း ဟိုတယ်တစ်ခုမှာ သေနတ်သမား ၅ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်ဆုံး ၂၁ ဦးသေဆုံးခဲ့တယ်လို့ ကင်ညာအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ဆိုမာလီအခြေစိုက်ပြီး အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အကြမ်းဖက်အဖွဲ့ အလ်-ရှာဘတ်က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို လက်တုန့်ပြန်တာလို့ ပြောကြားခဲ့ပါတယ်။
ကင်ညာလုံခြုံရေးတပ်ဖွဲ့တွေဟာ အခြေအနေကို ထိန်းသိမ်းဖို့အတွက် နာရီ ၂၀ လောက် ကြိုးစားခဲ့ရပြီး သေနတ်သမား ၅ ဦးစလုံးကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုပြုလုပ်ဖို့ စီစဉ်သူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့လည်း ကင်ညာအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲက ၁၆ ဦးဟာ ကင်ညာနိုင်ငံသားတွေဖြစ်ပြီး ဗြိတိန်နိုင်ငံသား ၁ ဦး၊ အမေရိကန်က တစ်ဦးတို့ ပါဝင်ပါတယ်။ ကျန်ရှိတဲ့ ၃ ဦးဟာ အာဖရိကနွယ်ဖွားတွေ ဖြစ်ကြပေမယ့် ဘယ်နိုင်ငံသားတွေလဲဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ လူ ၅၀ လောက်ရဲ့ စာရင်းကို မရသေးတဲ့အတွက် သေဆုံးသူတွေ ထပ်မံတိုးလာဖွယ် ရှိနေပါတယ်။
ကင်ညာသမ္မတ အူရူ ကန်ညက်တာက ဒီအဖြစ်အပျက်အတွင်း အရပ်သား ၇၀၀ လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ရိုဘီမြို့က Westgate ရှော့ပင်းမောလ်ကို ၂၀၁၃ ခုနှစ်မှာ အလ်-ရှာဘတ်က တိုက်ခိုက်ခဲ့တာကြောင့် ၆၇ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ဧပြီလမှာ ကင်ညာနိုင်ငံအရှေ့ပိုင်းက Garissa တက္ကသိုလ်မှာလည်း ဒီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။
Ref: Aljazeera
Comments