ဇန်န၀ါရီ ၂၃၊ ၂၀၁၉
M-Media
– ဆော်ဒီအာဏာပိုင်တွေရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံထားရတဲ့ ထိပ်တန်း အစ္စလာမ့် ဓမ္မပညာရှင် ရှိခ် အဟ်မဒ် အလ်-အေမာရီဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပြီး အာဏာပိုင်တွေက သူ့ရဲ့ကျန်းမာရေးကို တမင် လစ်လျူရှုခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။
အသက ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အလ်-အေမာရီဟာ မဒီနာမြို့မှာရှိတဲ့ ‘မတ်စ်ဂ်ျ နဗ၀ီ’ ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင် အီမာမ်နဲ့ တရားဟောဆရာဖြစ်ပြီး ‘မဒီနာ အစ္စလာမ့်တက္ကသိုလ်’ ကုရ်အာန်ရေးရာဌာနရဲ့ ဌာနမှူးဟောင်းလည်း ဖြစ်ပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းက သူတို့အပေါ် ဝေဖန်ထောက်ပြသူတွေကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း အလ်-အေမာရီလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီ အစ္စလာမ့်ဓမ္မပညာရှင်တွေ ဖမ်းဆီးထိန်းသိမ်းခံရမှုကို စောင့်ကြည့်နေတဲ့ Prisoners of Conscience အဖွဲ့က အလ်-အေမာရီဟာ တနင်္ဂနွေနေ့က အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ အလ်-မေမာရီရဲ့ ကျန်းမာရေးကို ဂရုမစိုက်တဲ့အတွက် ဒီလို သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီသတင်းအတွက် ဆော်ဒီအာဏာပိုင်တွေက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အလ်-အေမာရီရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ အစ္စလာမ့်ဓမ္မပညာရှင် ဆာဖာရ် အလ်-ဟာဝါလီဟာလည်း သြဂုတ်လက ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၆၈ နှစ်အရွယ် အလ်-ဟာဝါလီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းရဲ့ အမှားတွေ၊ အာဏာချုပ်ကိုင်ထားမှုတွေကို ဝေဖန်ထောက်ပြတဲ့ စာမျက်နှာ ၃ ထောင်ပါ စာအုပ်တစ်အုပ်ကို ထုတ်ဝေပြီးခဲ့နောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေက အလ်-အေမာရီ ကွယ်လွန်မှုဟာ ဆော်ဒီအာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ စွပ်စွဲပြောကြားနေကြပါတယ်။
ဆော်ဒီ ဝေဖန်ရေး ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံရမှုကြောင့် ဆော်ဒီဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ၊ ဂရုတစ်စိုက် စောင့်ကြည့်မှုတွေ ခံနေရတဲ့အချိန် အလ်-အေမာရီ ကွယ်လွန်တဲ့သတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ သူနဲ့ သဘောထားကွဲလွဲသူတွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြီးအကျယ် ဖမ်းဆီးခဲ့ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အစ္စလာမ့်ဓမ္မပညာရှင်တွေထဲမှာ အောင်ဝဒ် အလ်-ကာရ်နီ၊ ဖာရ်ဟန် အလ်-မာလ်ကီနဲ့ မိုစတာဖာ ဟာဆန်တို့လည်း ပါဝင်ပါတယ်။
Ref: Aljazeera
Comments