ဇန်န၀ါရီ ၂၆၊ ၂၀၁၉
M-Media
– အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Anti-Defamation League (ADL) က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလက ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပါအ၀င် ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅၀ ရှိပါတယ်။ အဲဒီအထဲက ၄၂ ဦးဟာ သေနတ်တွေနဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီအရေအတွက်ဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း လူဖြူအစွန်းရောက်တွေရဲ့ အမုန်းဆောင်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးပမာဏလည်း ဖြစ်ပါတယ်။ ADL ဟာ ၁၉၇၀ ပြည့်နှစ်ကနေ စတင်ကာ အမေရိကန်နိုင်ငံမှာရှိတဲ့ အစွန်းရောက်အဖွဲ့တွေအကြောင်း စစ်တမ်းကောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ဟာ စစ်တမ်းတစ်လျှောက် သေဆုံးမှု စတုတ္ထမြောက်အများဆုံးနှစ် ဖြစ်ပါတယ်။
“ပစ္စဘတ်မှာ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက် တိုက်ခိုက်မှုဟာ အမုန်းစကားတွေရဲ့ ကြောက်မက်ဖွယ် ရလဒ်တွေအကြောင်း လူတိုင်းကို သတိပေးနေတာမျိုးပါ။ အခုအချိန်ဟာ ဒီခြိမ်းခြောက်မှုရဲ့ အတိမ်အနက်ကို နိုင်ငံရဲ့ ခေါင်းဆောင်တွေက အလေးအနက်ထားပြီး လက်ယာအစွန်းရောက်ဝါဒ ထကြွမှု ပြဿနာကို ဖြေရှင်းရေး အာရုံစိုက်လုပ်ဆောင်ရမယ့် အချိန်ပါပဲ” လို့ ADL ရဲ့ စီအီးအို ဂျိုနသန် ဂရင်းဘလက်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမုန်းဆောင်မှု အသစ်
၂၀၁၈ ခုနှစ်အတွက် ADL က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အမုန်းဆောင်တိုက်ခိုက်မှု အသစ်တစ်မျိုး ပါဝင်လာပြီး အဲဒါကတော့ မဟာဖိုဝါဒကို အခြေခံတဲ့ ‘Incel လှုပ်ရှားမှု’ ဖြစ်ပါတယ်။
လူဖြူယောင်္ကျားတွေ ဖွဲ့စည်းထားတဲ့ အဲဒီလှုပ်ရှားမှုဟာ မိမိတို့ရဲ့ အချစ်ရေးကံမကောင်းတာ မိန်းမတွေရဲ့အပြစ်ကြောင့်လို့ ခံယူပြီး အမျိုသမီးတွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုမျိုး ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖလော်ရီဒါပြည်နယ် တာလာဟက်ဆီမြို့က ယောဂစင်တာတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အဘွားအိုနဲ့ အသက် ၂၁ နှစအရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုကိုကျူးလွန်တဲ့ သေနတ်သမား စကော့ ပေါလ် ဘီယာလီဟာ အမျိုးသမီးတွေကို မုန်းတီးသူဖြစ်ပြီး အထူးသဖြင့် တစ်ခြားလူမျိုးတွေနဲ့ ချစ်ကျွမ်းဝင်ထား၊ လက်ထပ်ထားတဲ့ လူဖြူအမျိုးသမီးတွေကို ပစ်မှတ်ထားသူပါ။ အဲဒီအမျိုးသမီးတွေဟာ အမျိုးမစောင့်ဘူးလို့ ဘီယာလီက ပြစ်တင်ပြောဆိုလေ့ ရှိပါတယ်။
အထင်ကရ တိုက်ခိုက်မှုများ
၂၀၁၈ ခုနှစ်အတွင် အမေရိကန်မှာ လူဖြူအစွန်းရောက်တွေဟာ တိုက်ခိုက်မှု တော်တော်များများ ပြုလုပ်ခဲ့ကြပါတယ်
ဇန်န၀ါရီလ ၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ နာဇီလက်သစ်အဖွဲ့ Atomwaffen Division ရဲ့ အဖွဲ့ဝင် ဆမ်မြူယဲလ် ၀ုဒ်ဝါ့ဒ်က ဂျူးလူမျိုး လိင်တူချစ်သူ အတန်းဖော်ဟောင်းတစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းက အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း ၁၇ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို နီကိုလက်စ်ခရုဇ်ဆိုသူက ကျူးလွန်တာ ဖြစ်ပါတယ်။
အောက်တိုဘာလမှာ လူဖြူအမျိုးသားရေးဝါဒီ ရောဘတ် ဘောင်ဝါကဟာ ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းကို သေနတ်နဲ့ ၀င်ပစ်ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီလို အမုန်းဆောင်တိုက်ခိုက်မှုတွေ မြင့်တက်လာရတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမုန်းတရားတွေကို လှုံ့ဆော်ပေးနေလို့ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ထရမ့်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI က ၂၀၁၇ ခုနှစ်အတွင်း အမုန်းဆောင် ရာဇ၀တ်မှုဟာ ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၁၀ စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံး မြင့်တက်လာမှုလည်း ဖြစ်ပါတယ်။
Ref: Aljazeera
Comments