ဇန်န၀ါရီ ၂၈၊ ၂၀၁၉
M-Media
– ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း ဘရူမာဒင်ဟိုမြို့က သတ္တုတွင်းမှာ မြေသားဆည်တစ်ခု ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၈ ဦးအထိ မြင့်တက်လာခဲ့ပြီး အနီးအနားက နောက်ထပ်ဆည်တစ်ခုလည်း ပြိုကျနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာပါတယ်။
Vale’s Corrego do Feijao သတ္တုတွင်းမှာ အသုံးပြုနေတဲ့ ဆည်ဟာ သောကြာနေ့က ကျိုးကျခဲ့တာဖြစ်ပြီး ရေတွေနဲ့ ရွှံ့နှစ်တွေ ဒလဟောဆင်းသွားတာကြောင့် ပတ်ဝန်းကျင်မှာ မြေပြိုကာ အဆောက်ဦးတွေ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
ပျောက်ဆုံးနေသူက ၃၀၀ ကျော် ရှိနေပြီး မနေ့ကအထိ ရုပ်အလောင်း ၅၈ ခုကို ရရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ အသက်ရှင်လျက် ကယ်တင်နိုင်သူအရေအတွက်ဟာ ၁၉၂ ဦး ရှိပြီး ၂၃ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အနီးအနားက B6 ဆည်မှာ ရေအမြင့်ဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားကို ရောက်လာတာကြောင့် မနေ့က မနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်မှုတွေကို ရပ်ဆိုင်းကာ B2 ဆည်နားမှာရှိတဲ့သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဆည်ပြိုမှုဖြစ်ပွားတဲ့ သတ္တုတွင်းကို ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Vale က ပိုင်ဆိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်ကတည်း ဘရာဇီးလ်မှာ Vale ပိုင်ဆိုင်တဲ့ သတ္တုတွင်းက ဆည်တစ်ခုပြိုကျမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။
ဘရာဇီးလ်အာဏာပိုင်တွေက Vale ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံကို ပြဿနာဖြေရှင်းပြီးတဲ့အထိ ထိန်းချုပ်ထားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒဏ်ကြေးအဖြစ် ကန်ဒေါ်လာ ၉၂.၅ သန်း ပေးောဆင်ရမှာ ဖြစ်ပါတယ်။
Ref: Aljazeera
Comments