ဖေဖော်ဝါရီ ၁၊ ၂၀၁၉
M-Media
– မြောက်ကိုရီးယားဟာ သူတို့ရဲ့ ယူရေနီယံသန့်စင်ရေး အဆောက်အဦးတွေအားလုံးကို ဖျက်ဆီးဖို့ သဘောတူထားပြီး မိမိတို့အနေနဲ့လည်း ကျူးကျော်တိုက်ခိုက်ဖို့ မရှိဘူးလို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘီဂွန်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး နျူအရေး ဆွေးနွေးခဲ့ကြကာ ထရမ့်က သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အရင်က ပြောကြားဖူးပါတယ်။
ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ အခုနှစ်အတွင်း ထပ်မံတွေ့ဆုံဖို့နေပြီး အချိန်နဲ့နေရာကို မကြာခင်ထုတ်ပြန်ဖို့ အမေရိကန် အာဏာပိုင်တွေက စီစဉ်ထားပါတယ်။
မနေ့က စတန်းဖို့ဒ်တက္ကသိုလ်မိန့်ခွန်းမှာ ဘီဂွန်က မြောက်ကိုရီးယားဟာ ယူရေနီယံသန့်စင်ရေး နေရာတွေအားလုံးကို ဖျက်ဆီးပစ်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့ကို ကတိပြုထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒီလုပ်ငန်းကို အမေရိကန်က အရင်ဆုံး စောင့်ကြည့်သွားမှာဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်မှု မရှိမခြင်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုကို ဖယ်ရှားပေးမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
“သမ္မတထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မြောက်ကိုရီးယားကို ကျွန်တော်တို့ ကျူးကျော် တိုက်ခိုက်မှာမဟုတ်သလို၊ အစိုးရကိုလည်း ဖြုတ်ချဖို့ကြိုးစားမှာ မဟုတ်ပါဘူး”
ဘီဂွန်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မြောက်ကိုရီးယားကိုယ်စားလှယ်နဲ့ တောင်ကိုရီးယားမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှု၊ ဆက်ဆံရေးပြောင်းလဲမှု နှေးကွေးမှုတွေအတွက် မြောက်ကိုရီးယားက ထရမ့်အစိုးရကို ပြစ်တင်ပြောဆိုထားပါတယ်။
Ref: BBC
Comments