ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
M-Media
– တော်ဝင်မင်းသမီးဟောင်း ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိစ္စဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ သုံးသပ်သွားမယ်လို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး မင်းသမီးကို အမည်စာရင်းတင်သွင်းတဲ့ ပါတီကိုလည်း စစ်ဆေးဖို့ ရှိနေပါတယ်။
လက်ရှိ ထိုင်းဘုရင် ၀ိဇယလောင်ကွန်ရဲ့ အမတော် အူဘိုလ်ရတ္တနာ ရာဇကန်ယာ သီရိဝဒ်ဟာနာဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြုပြီး ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး ဒီသတင်းဟာ ထိုင်းနိုင်ငံရေးလောကမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
မတ်လအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ Thai Raksa Chart ပါတီဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေက ပူးပေါင်း တည်ထောင်ထားတာဖြစ်ပြီး မင်းသမီး အူဘိုလ်ရတ္တနာကလည်း သက်ဆင်မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။
မင်းသမီး ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းထွက်လာပြီး နာရီးပိုင်းအကြာမှာပဲ ထိုင်းဘုရင် ၀ိဇယလောင်ကွန်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တော်ဝင်မိသားစုဝင်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာဟာ ‘သင့်လျော်မှုမရှိဘူး’ လို့ ကန့်ကွက်ခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ၀န်ကြီးချုပ်လောင်းအဖြစ် မင်းသမီးရဲ့လျှောက်ထားမှုဟာ ဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သောကြာနေ့ နောက်ဆုံးထားကာ သုံးသပ်သွားမှာဖြစ်ပြီး ဘုရင်ဆန္ဒကို လွန်ဆန်ဖွယ်မရှိဘူးလို့ သတင်းတွေထွက်နေပါတယ်။
ပါတီဖျက်သိမ်းရန်တောင်းဆို
မင်းသမီး အူဘိုလ်ရတ္တနာကို ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းတဲ့ Thai Raksa Chart ပါတီကို ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စကိုလည်း သုံးသပ်သွားဖို့ ရှိနေပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်ရေးလှုပ်ရှားမှုတွေမှာ တော်ဝင်အသိုင်းအ၀ိုင်းကလူတွေကို အသုံးပြုခွင့်မရှိဘူးလို့ ထိုင်းရွေးကောက်ပွဲ ဥပဒေမှာ တားမြစ်ထားပါတယ်။
သက်တော် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး အူလ်ဘိုရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ထက်ခဲ့တာကြောင့် ထီးမွေ၊ နန်းမွေနဲ့ တော်ဝင် အမှတ်သညာကို စွန့်လွှတ်ခဲ့ရပါတယ်။ ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့ပြီးတဲ့နောက် သူမဟာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။
စစ်ခေါင်းဆောင်အဖြစ် အာဏာသိမ်းပြီး လက်ရှိ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေတဲ့ ပရာယွတ်ချန်အိုချာလည်း လာမယ့်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Ref: CNA
Comments