ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
M-Media
– မြောက်ကိုရီးယားဟာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် နျူလက်နက်အားလုံး စွန့်လွှတ်မယ့်အလားအလာ မရှိဘူးလို့ အမေရိကန် ရေတပ်ဗိုလ်ချုပ် ဖီးလစ်ပ် ဒေးဗစ်ဆန်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ဖေဖော်ဝါရီ ၂၇-၂၈ ရက်နေ့ကျရင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူမှာတွေ့ဆုံပြီးနောက် ခေါင်းဆောင်နှစ်ဦး ဒုတိယအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
မနေ့က အထက်လွှတ်တော် စစ်တပ်ကော်မတီရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဗိုလ်ချုပ် ဇီးလစ်ပ်က လာမယ့် ထိပ်သီးအစည်းအဝေးကို အကောင်မြင်ကြောင်း ပြောကြားခဲ့ပေမယ့် ကော်မရှင်ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားကို သံသယရှိကြောင်း ဖော်ပြထားပါတယ်။
“နျူလက်နက်အားလုံး ဒါမှမဟုတ် ထုတ်လုပ်မှုအားလုံးကို မြောက်ကိုရီးယားက စွန့်လွှတ်မယ့်အလားလာမရှိဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ဖြေလျော့မှုရဖို့အတွက် နျူကင်းစင်ရေး တစ်စိတ်တစ်ပိုင်းလုပ်ဆောင်ဖို့ ဆွေးနွေးတာမျိုး ရှိနိုင်ပါတယ်”
ပြီးခဲ့တဲ့လကလည်း အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ ဒန်ကို့စ်က မြောက်ကိုရီးယားဟာ နျူလက်နက်အားလုံးကို စွန့်လွှတ်ဖို့မရှိဘဲ နျူကင်းစင်အောင်လုပ်မယ်ဆိုတဲ့ ကတိက၀တ်တွေကို ဖောက်ဖျက်ကာ ဆက်လက်လုပ်ဆောင်နေတယ်လို့ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
ထရမ့်က ယခုလ ထိပ်သီးအစည်းအဝေးအတွက် စိတ်အားထက်သန်နေပြီး ၁၅ လအတွင်း မြောက်ကိုရီးယားက ဒုံးကျည် တစ်လုံးမှ မစမ်းသပ်တော့တာက တိုးတက်မှုတစ်ခုလို့ ရှုမြင်နေပါတယ်။
ကုလက စောင့်ကြည့်ရေးတာဝန်ရှိတွေရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာလည်း မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်ကို သံသယရှိကြောင်း၊ နျူနဲ့ ဒုံးကျည်စီမံကိန်းအတွက် အရပ်ဖက် အဆောက်အဦးတွေကို အသုံးပြုနေကြောင်း ဖော်ပြထားပါတယ်။
Ref: CNA
Comments