ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
M-Media
– မလေးရှားနိုင်ငံက အသက် ၇ နှစ်အရွယ် ရေခဲပြင် စကိတ်အားကစားသမားလေးဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမှာပြုလုပ်တဲ့ နိုင်ငံတကာ စကိတ်အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခု ရရှိခဲ့ပါတယ်။
စီ ဆရီ အဘီရာမီလို့ခေါ်တဲ့ အဲဒီသမီးငယ်လေးဟာ သောကြာနေ့က ယှဉ်ပြိုင်တဲ့ ၇-၈ နှစ် Freestyle ပြိုင်ပွဲ၊ Solo Camp Freestyle ပြိုင်ပွဲနဲ့ ၇-၈ နှစ် Speed Skating ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ISI International Figure Skating အမည်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အဘူဒါဘီက Zayed Sports City မှာ ကျင်းပတဲ့ ရေခဲပြင်စကိတ်စီးပြိုင်ပွဲဟာ နိုင်ငံတကာ စကိတ်အားကစားအဖွဲ့ ISI ရဲ့ ၄ ကြိမ်မြောက် အရှေ့အလယ်ပိုင်း ရေခဲပြင်စကိတ်ပြိုင်ပွဲ ဖြစ်ပါတယ်။
ဆရီအဘီရာမီဟာ ဒီဇင်ဘာလဆန်းပိုင်းက တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ ကျင်းပခဲ့တဲ့ အာရှ ရေခဲပြင်စကိတ်ပြိုင်ပွဲ ISI Asia Skate Shenzhen 2018 Championships မှာ ရွှေတံဆိပ် ၄ ခု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲအပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ သူမက အိုလံပစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆရီအဘီရာမီဟာ အသက် ၃ နှစ်အရွယ်ကစတင်ပြီး ရေခဲပြင်စကိတ် အားကစားနည်းကို ကစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်ကစလို့ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။
Ref: The Star
Comments