ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉
M-Media
– နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ မိမိတို့ကို လက်နက်မရောင်းဘဲ အရှေ့အလယ်ပိုင်းက အကြမ်းဖက်သမားတွေကို ကားကြီးကားငယ်နဲ့ လက်နက်တွေ ပေးပို့ထောက်ပံ့နေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
“ဘယ်လို နေတိုးမဟာမိတ်မျိုးလဲဗျ။ အီရတ်ကိုဖြတ်ပြီး အကြမ်းဖက်သမားတွေကို လက်နက်ခဲယမ်း ကားအစီးပေါင်း ၂၃၀၀၀ စီးစာလောက် ပေးပို့နိုင်တယ်။ ကျွန်တော်တို့ ၀ယ်ဖို့ တောင်းဆိုတာကိုကြတော့ မရောင်းဘူး။ ကျွန်တော်တိုနဲ့ ဆီးရီးယားဟာ ၉၁၁ ကီလိုမီတာလောက်ဆက်နေတာဗျ။ တူရကီဟာ အချိန်မရွေး ခြိမ်းခြောက်မှု ကြုံရနိုင်တယ်”
တနင်္လာနေ့က နိုင်ငံ အနောက်တောင်ပိုင်း ဘူရ်ဒူရ်ဒေသမှာလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ အာဒိုဂန်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး နေတိုးအဖွဲ့ဟာ အီရတ်ကိုဖြတ်ပြီး ဘယ်နိုင်ငံက အကြမ်းဖက်တွေကို ထောက်ပံ့နေလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
တူရကီနဲ့ကပ်နေတဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ဒေသအချို့ကို အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ YPG ဦးဆောင်တဲ့ ‘ဆီးရီးယား ဒီမိုကရပ်တစ်တပ်ဖွဲ့’ (SDF) က ထိန်းချုပ်ထားပါတယ်။ တူရကီက YPG ဟာ သူတို့နိုင်ငံက တရားမ၀င် ကာ့ဒ်အလုပ်သမားပါတီ PKK နဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
တူရကီဟာ ဆီးရီးယားဘက်ခြမ်းအထိ ၀င်ရောက်ကာ YPG ကို တိုက်ထုတ်တာမျိုး ရှိခဲ့ပြီး ကာ့ဒ်တပ်ဖွဲ့ အဓိက ထိန်းချုပ်ထားတဲ့ မန်ဘစ်ဂ်ျမြို့ကို ၀င်သိမ်းမယ်လို့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။ YPG ဦးဆောင်တဲ့ SDF အဖွဲ့ဟာ ဆီးရီးယားနိုင်ငံက IS အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းရာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ် ဖြစ်ပါတယ်။
အမေရိကန်က YPG အပေါ် ထောက်ပံ့နေမှုကို တူရကီက တစ်စိုက်မတ်မတ် ဝေဖန်လေ့ ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းတော့မယ်လို့ ဒီဇင်ဘာလမှာ ပြောကြားခဲ့ပေမယ့် လက်တွေ့မှာတော့ အမှန်တကယ် ရုပ်သိမ်းဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
Ref: Aljazeera
Comments