ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
M-Media
– လာမယ့်တစ်ပတ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်မယ့် အစည်းအဝေးမှာ သမ္မတထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ နှစ်ဦးချင်း သီးသန့်တွေ့ဆုံမယ်လို့ အမေရိကန်အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကြာမြင့်မယ့် ဟနွိုင်းဆွေးနွေးပွဲမှာတော့ သမ္မတထရမ့်က ကင်ကို နျူလက်နက်စွန့်လွှတ်ရေး ထပ်မံ ဆွဲဆောင်ဖွယ် ရှိနေပါတယ်။
အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက အခုဆွေးနွေးပွဲပုံစံဟာ စင်ကာပူဆွေးနွေးပွဲ ပုံစံအတိုင်းဖြစ်ပြီး အရင်ဆုံး ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံကာ နောက်ပိုင်းမှ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင် ဘီဂွန်ဟာ ဟနွိုင်းမြို့ကို ရောက်ရှိနေပြီး မြောက်ကိုရီးယားကိုယ်စားလှယ် ကင်ဟွတ်ချိုနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
နှစ်ဖက်ဆွေးနွေးပွဲအပြီး ထုတ်ပြန်မယ့် ကြေငြာချက်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်မလဲဆိုတာကိုတော့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ကင်ဂျုံအွန်နဲ့ ဆက်ဆံရေးကို ချီးကျူးတဲ့ ပို့စ်တစ်ခုကို ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရေးသားခဲ့ပေမယ့် ပိတ်ဆို့မှုဖယ်ရှားစေချင်ရင်တော့ နျူလက်နက်ကိစ္စမှာ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွက်ချက်မျိုး လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: CNA
Comments