ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
M-Media
– ဥရောပသမဂ္ဂနဲ့ အာရပ်လိဂ်အဖွဲ့က ခေါင်းဆောင်တွေရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးကို အီဂျစ်နိုင်ငံမှာ မနေ့က စတင်ကျင်းပခဲ့ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချမှု တားဆီးရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူခဲ့ကြပါတယ်။
အပန်းဖြေမြို့ ရှမ် အလ်-ရှိခ်မှာ ကျင်းပတဲ့ အဲဒီ ထိပ်သီးအစည်းအဝေးဟာ ၂ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အီဂျစ်သမ္မတ အဘ်ဒဲလ်-ဖာတာဟ် အလ်-စီစီက ဒီ ထိပ်သီးအစည်းအဝေးဟာ ဥရောပနဲ့ အာရပ် အဖွဲ့အစည်းနှစ်ခုအကြား သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်တွေဟာ ဆီးရီးယား၊ ယီမင်တို့က ပဋိပက္ခတွေ၊ ရပ်ဆိုင်းနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိနေပြီး ဥရောပကို ၀င်ရောက်လာတဲ့ ပြောင်းရွှေ့အခြေချသူတွေကိစ္စကို အဓိကထားမှာ ဖြစ်ပါတယ်။
ဥရောပကော်မရှင် ဥက္ကဌ ဂျန်ကလူဒီ ဂျန်ကာက အစည်းအဝေးဟာ သတင်းစကားတစ်ခုပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂ်ဟီရီနီက ထိပ်သီးအစည်းအဝေးဟာ မိတ်ဖက်ဖြစ်မှုကို ပိုမိုအားကောင်းစေဖို့ဖြစ်တယ်လို့ ပြောကြာခဲ့ပါတယ်။
“စီးပွားရေးဆောင်ရွက်မှု၊ ပါလက်စတိုင်းကိစ္စမှာ နှစ်နိုင်ငံတည်ရှိရေးမူ ပြန်လည်ရှင်သန်ရေးလို အတူတွဲလုပ်ရမယ့် ကိစ္စတွေကို ပိုမို အာရုံစိုက် လုပ်ဆောင်ဖို့အတွက် ဒီအစည်းအဝေးက စီမံနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
အီဂျစ်သမ္မတက အကြမ်းဖက်တွေ ငွေကြေးရလမ်းကို ဖြတ်တောက်ပစ်ရေး၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ အတွေးအခေါ်အယူအဆတွေကို တိုက်ဖျက်ရေး ကျယ်ကျယ်ပြန့်ပြန့် စီမံကိန်းချ လုပ်ဆောင်ဖို့အတွက် တိုက်တွန်း ဆော်သြခဲ့ပါတယ်။
အစည်းအဝေးကို ဂျာမနီ အဓိပတိ အန်ဂျလာ မာကဲလ်၊ ယူကေ၀န်ကြီးချုပ် ထရီဇာမေတို့၊ ဆော်ဒီဘုရင် ဆလ်မန်တို့အပါအ၀င် ဥရောပနဲ့ အာရပ်လိဂ်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်တွေဟာ သီးခြားစီ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။
Ref: Arab News
Comments