ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
M-Media
– ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာသား ၄၀၀ ကျော်လောက်ဟာ အစားအစာနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားလိုက်ပါတယ်။
“မြို့ထဲက နေရာ ၃ ခုမှာ ရွာသား ၄၀၀ ကျော်လောက် ရှိပြီး ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အလျင်အမြန် လိုအပ်နေပါတယ်” လို့ မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေကို အနီးအနား ရွာသားတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့် မလောက်ငှကြောင်း၊ သောက်သုံးရေနဲ့ ရွှေ့ပြောင်းသန့်စင်ခန်းမျိုးတွေ ကူညီပေးဖို့လိုကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
“ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကြောင့် ကျွန်တော်တို့ ရိက္ခာ မထောက်ပံ့နိုင်တော့ပါဘူး။ ယာယီစခန်းတွေကလည်း ပြည့်ကြပ်နေပါပြီ”
ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က မြောက်ဦးမှာ စတင်ခဲ့တဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ ရင်ခွင်ပိုက်ကလေးမိခင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကူအညီပေးရေးအဖွဲ့တွေကို ပြည်နယ်အစိုးရက ပိတ်ပင်ခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့တွေကိုသာ ကူညီခွင့် ပေးထားပါတယ်။
Ref: mmtimes
(Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
Comments