ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
M-Media
– ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်စခန်းတွေကို တိုက်လေယာဉ်တွေနဲ့ ၀င်ရောက်ဗုံးကြဲခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး ပါကစ္စတန်ကလည်း ဒီကိစ္စဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ နယ်ခြားထိန်းချုပ်စည်း Line of Control ကို ဖြတ်ကျော်ကာ အိန္ဒိယတိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
“ဒီကနေ့မနက် အစောပိုင်းမှာ လေတပ်က LoC ကိုဖြတ်ပြီး အကြမ်းဖက်စခန်းတွေကို တိုက်ခိုက်ကာ လုံးဝ ဖျက်ဆီးပစ်ခဲ့ပါတယ်” လို့ စိုက်ပျိုးရေးဝန်ကြီး ဂါဂျန်ဒရာ ဆင်း ရှီခါဝပ်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်အခြမ်းမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသေခံကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အိန္ဒိယပြည်သူ့စစ် အနည်းဆုံး ၄၂ ဦး သေဆုံးပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ပါကစ္စတန် လက်ချက်လည်းပါတယ်လို့ အိန္ဒိယဖက်က စွပ်စွဲခဲ့ပါတယ်။
ဒီကနေ့မနက် အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေပိုင်နက် ကျူးကျော်ဝင်ရောက်လာတဲ့ အိန္ဒိယတိုက်လေယာဉ်ဟာ မိမိတို့ တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားဖို့ တက်သွားတဲ့အချိန်မှာ အိန္ဒိယပိုင်နက်အခြမ်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း ပါကစ္စတန်က ပြောပါတယ်။
“ပါကစ္စတန်လေတပ်ရဲ့ အချိန်မီ ထိထိရောက်ရောက် တုန့်ပြန်မှုကို ကြုံတွေ့ခဲ့ရတာကြောင့် ပြန်ပြေးတဲ့အချိန် ဗုံးတွေကို ဘာလာကော့ဒေသအနီး အလျင်စလို ကြဲချခဲ့ရပါတယ်။ ထိခိုက်သေဆုံးမှု၊ ပျက်ဆီးမှု မရှိပါဘူး” လို့ ပါကစ္စတန် ဗိုလ်ချုပ်ကြီး အာဆစ်ဖ် ဂဖူးရ်က ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments