ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉
M-Media
– ပြည်တွင်းက နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ နိုင်ငံရဲ့ ပထမဆုံး ‘ကားပျံ’ ကို အခုနှစ်အတွင်း ဈေးကွက်မှာ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ မလေးရှား စွန့်ဦးတီထွင်မှုဆိုင်ရာ ၀န်ကြီး ဒါတွတ်ဆရီ ရဒ်ဇူအန် မိုဟာမက် ယူစွဖ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီ ကားပျံဟာ အန္တရာယ်ကင်းပြီး သင့်လျော်တဲ့ အမြန်နှုန်းနဲ့ အနိမ့်ပျံသန်းနိုင်မှာဖြစ်ကြောင်း၊ လက်ရှိမှာ နမူနာတစ်စီးကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်း ၀န်ကြီးက ပြောပါတယ်။
“ကျွန်တော်တို့မှာ နည်းပညာရှိတဲ့အတွက် ဒီနှစ်အတွင်း အမှန်တကယ် ထုတ်ပြနိုင်မှာပါ။ ဘယ်လောက်မြန်မြန် ထုတ်ပြမလဲဆိုတာပါပဲ။ နမူနာကားအတွက် ရင်းဂစ် တစ်သန်းလောက် ကုန်ကျခဲ့ပါတယ်”
ကားပျံထုတ်လုပ်ရေးစီမံကိန်းဟာ ပြည်သူတွေကို နည်းပညာအသစ်တွေအကြောင်း လှုံ့ဆော်ပေးမယ့် အစိုးရအစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး၊ လေကြောင်းနယ်ပယ်၊ ဒရုန်းနဲ့ လူမဲ့ယာဉ်တွေ၊ မော်တော်ယာဉ်ကဏ္ဍတွေမှာ တိုင်းပြည်အတွင်းက လုပ်နိုင်စွမ်းကို ထိထိရောက်ရောက် အသုံးပြုဖို့ ရည်ရွယ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ကားပျံစီမံကိန်းဟာ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်ရဲ့ ပြည်တွင်းဖြစ် တတိယမြောက် ကားဘရန်းတစ်ခု ဖန်တီးရေးနဲ့ မသက်ဆိုင်ဘူးလို့ မိုဟာမက် ယူစွဖ်က ဆိုပါတယ်။ လက်ရှိမှာ Proton နဲ့ Produa တို့ဟာ မလေးရှားရဲ့ ပြည်တွင်းဖြစ် ကားဘရန်းတွေ ဖြစ်ပါတယ်။
မလေးရှားဟာ ကုန်ပစ္စည်း လက်လီဖြန့်ချီသူတွေရဲ့ ငွေပေးချေမှု၊ ဈေးကွက်ချဲ့ထွင်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ အချက်အလက် သိမ်းဆည်းမှု စတာတွေကို ဒစ်ဂျစ်တယ်ပြောင်းမယ့် Growth Malaysia စီမံကိန်းကိုလည်း လုပ်ဆောင်နေပါတယ်။
Ref: The Star
Comments