ဖေဖော်ဝါရီ ၂၇၊ ၂၀၁၉
M-Media
– အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ မနေ့က နှစ်ဖက်စစ်တပ် အပြန်အလှန် ဖြစ်ပွားမှုတွေကြောင့် ပါကစ္စတန်ဘက်က အရပ်သားတွေ သေဆုံးခဲ့သလို၊ အိန္ဒိယဘက်က စစ်သားတွေလည်း ဒဏ်ရာရခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ နယ်နမိတ် ထိန်းချုပ်မျဉ်း Line of Control နားမှာ ဖြစ်ပွားတာဖြစ်ပြီး ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအခြမ်းက ကော့တ်လီခရိုင်မှာ အမျိုးသမီးတစ်ဦး၊ သူမရဲ့ ကလေးနှစ်ဦး အပါအ၀င် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အိန္ဒိယမီဒီယာတွေက နှစ်ဖက် တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၇ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။
အိန္ဒိယတိုက်လေယာဉ်တွေဟာ မနေ့က Line of Control ကိုကျော်ကာ ပါကစ္စတန်ဖက်ခြမ်းကို ၀င်ရောက် ဗုံးကြဲခဲ့ပါတယ်။ စစ်သွေးကြွစခန်းတွေကို ပစ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်သွေးကြွတွေ တော်တော်များများ သေဆုံးခဲ့တယ်လို့ အိန္ဒိယက ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်ကတော့ ဒီဗုံးကြဲမှုကြောင့် လူသေဆုံးမှု၊ အဆောက်အဦး ထိခိုက်ပျက်ဆီးမှုတွေ မရှိဘူးလို့ ဆိုပါတယ်။
အခုလအစောပိုင်းက အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ Jaish-e-Mohammed (JeM) က ဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ခဲ့ပြီး အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန် ပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပါကစ္စတန်ဖက်က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
မနေ့က အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ‘နမော်နမဲ့နိုင်ပြီး လုပ်ကြံဖန်တီးတဲ့’ တိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ ပါကစ္စတန်ဖက်က တုန့်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်က ၀န်ကြီးချုပ်တွေဟာ ထိပ်တန်းအရာရှိတွေနဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ တိုင်းပြည်ရဲ့ နျူလက်နက်ကို ကိုင်တွယ်တဲ့ National Command Authority အဖွဲ့နဲ့ အစည်းအဝေးပြုလုပ်ဖို့လည်း ရှိနေပါတယ်။
နျူလက်နက်တွေကို ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုအတွက် နှစ်ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref: Aljazeera
Comments