မတ် ၅၊ ၂၀၁၉
M-Media
– မနေ့က နယ်ကျော်လာတဲ့ ပါကစ္စတန်ဒရုန်းတစ်စင်းကို အိန္ဒိယလေတပ်က ပစ်ချခဲ့တယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပြီး ရန်ဖက်နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်လက်ရှိနေတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
ပါကစ္စတန်နယ်စပ်နဲ့ သိပ်မဝေးတဲ့ ရာဂျက်စသန်ပြည်နယ်မှာ အိန္ဒိယ Sukhoi-30 တိုက်လေယာဉ်ဟာ ပါကစ္စတန် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ဝေဟင်က ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ Press Trust of India (PTI) မီဒီယာက ဖော်ပြတာပါ။
အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားဖော်ပြတာဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက ဒီကိစ္စအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပါကစ္စတန် ဒရုန်းတစ်စင်းကို အိန္ဒိယက ပစ်ချခဲ့တယ်လို့ PTI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံ ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ အိန္ဒိယ ပြည်သူ့စစ် ၄၂ ဦးသေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။ အိန္ဒိယက ဒီကိစ္စမှာ ပါကစ္စတန်ပါတယ်လို့ စွပ်စွဲကာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသဖက်ကို ကျူးကျော်ဝင်ရောက်ကာ ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း ပါကစ္စတန်က အိန္ဒိယ တိုက်လေယယာဉ်နှစ်စင်းကို ပစ်ချနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို အိန္ဒိယထံ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ အလယ်ပိုင်းကစလို့ အိန္ဒိနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသက ထိန်းချုပ်စည်းမျဉ်း (LoC) နားမှာ လက်နက်ကြီးတွေ၊ မော်တာတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက် အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ ကြိမ်ဟာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်လိုမှုအတွက် ဖြစ်ပါတယ်။
Ref: CNA
Comments