မတ် ၆၊ ၂၀၁၉
M-Media
– ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မှုကို ထောက်ခံဖို့ တရုတ်အာဏာပိုင်တွေက ကချင်ဘာသာရေးခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပြီး၊ ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ကချင်နှစ်ခြင်းအသင်းတော် KBC က ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ ၇ ဦးဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ တွေ့ဆုံခဲ့ကြတာပါ။ တရုတ်အာဏာပိုင်တွေက သမ္မတ ရှီကျင့်ဖျင်ဟာ မြစ်ဆုံဆည် စီမံကိန်းကို တော်တော်လေး အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
“မြစ်ဆုံစီမံကိန်းကို ကျွန်တော်တို့ လက်ခံမယ်ဆိုရင် ပိုကောင်းမယ်လို့ သူတို့က ပြောပါတယ်။ သေခံတွေအတွက် အကျိုးအမြတ်ရမယ်ပေါ့” လို့ KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Hkalam Samson က ပြောပါတယ်။
ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့ပါတယ်။ တရုတ်က ဒီစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားလာပြီး တရုတ်သံအမတ် ဟုန်လျန် ဒီဇင်ဘာလက ကချင်ပြည်နယ်ကို သွားရောက်ကာ
စီမံကိန်းကို ကချင်ပြည်သူတွေ မကန့်ကွက်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ရိုက်ခတ်လာခဲ့ပါတယ်။
ဟုန်က မြစ်ဆုံဆည်ဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းအောက်မှာ ဆောင်ရွက်ဖို့ လိုအပ်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနန်အာဏာပိုင်တွေက ကချင်လက်နက်ကိုင်အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး ဒါမှသာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်တာ၊ စစ်ရှောင်တွေ နေရပ်ပြန်တာ လုပ်ဆောင်နိုင်မယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့က အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရင် ပြည်နယ်အတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အာမခံချက်ရှိသွားမယ်လို့ သူတို့က ထင်နေတာ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေးကို ရရှိဖို့ပါ။ ကျွန်တော်တို့ ဖက်ဒရယ်လိုချင်တယ်။ အဲဒီလို ကွာဟချက် ကြီးကြီးမားမား ရှိနေပါတယ်။ BRI စီမံကိန်းဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်လိ့မ်မယ်။ တရုတ်နိုင်ငံကပဲ အကျိုးအမြတ်ခံစားရမယ်လို့
မထင်သင့်ဘူးလို့ သူတို့က ပြောပါတယ်။ BRI ကို နားလည်မှုမလွဲဖို့ သူတို့က ကျွန်တော်တို့ကို တိုက်တွန်းပါတယ်” လို့ Hkalam Samson က ပြောပါတယ်။
ကချင်ပြည်နယ်က ကချင်ဒီမိုကရေစီသစ်တပ်မတော် ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ ကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တစ်ခု ဖန်တီးဖို့ မြန်မာနဲ့ တရုတ်တို့က အစီအစဉ် ရှိနေပြီး၊ မြစ်ကြီးနားမှာလည်း ကန်ဒေါ်လာ ၃ သန်းရှိမယ့် တရုတ်ကျောထောက်နောက်ခံပြု စက်မှုဇုန်တစ်ခု
စတင် တည်ထောင်နေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က တွေ့ဆုံမှုအတွင်း ယူနန်အာဏာပိုင်တွေက သူတို့အနေနဲ့ ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ နေရပ်ပြန်နိုင်ရေး ကူညီပေးမယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
“နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဟာ သမ္မတရှီရဲ့ ပေါ်လစီမှာ အရေးပါတယ်လို့ သူတို့က ပြောတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ ပြည်တွင်းစစ်ကြောင့် နှောင့်နှေးကြန့်ကြာနေတယ်ပေါ့။ သိပ်မကြာခင်မှာ ဒါကို မဖြစ်ဖြစ်အောင် တွန်းလုပ်မယ်လို့ ကျွန်တော် ထင်ပါတယ်”
Ref: Irrawaddy
(ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
Comments