မတ် ၁၁၊ ၂၀၁၉
M-Media
– နိုင်ငံအတွင်း လူမျိုးစုံ ညီညွတ်ရေးအတွက် ဆောင်ပုဒ်တွေထက် လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မလေးရှားဘုရင်က ဒီကနေ့ လွှတ်တော်မိန့်ခွန်းမှာ ပြောကြားလိုက်ပြီး အစိုးရအနေနဲ့ ပေါ်လစီတွေကို ချမှတ်ရာမှာ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
မလေးရှားဘုရင် ဆူလ်တန် အဘ်ဒူလာ ဆူလ်တန် အဟ်မဒ် ရှားဟာ ဇန်န၀ါရီ ၃၁ ရက်နေ့က နန်းတက်ခဲ့ပြီးတဲ့နောက် ဒီကနေ့ လွှတ်တော်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားတာပါ။
“ညီညွတ်ရေး ဆော်သြ တိုက်တွန်းမှုဟာ ဆောင်ပုဒ်တွေနဲ့ပဲ ပြီးသွားလို့ မရပါဘူး။ စိတ်စေတနာမှန်တဲ့ ဆောင်ရွက်မှုမျိုး ရှိရပါမယ်”
နိုင်ငံတော်ဘာသာဖြစ်တဲ့ အစ္စလာမ်သာသနာကို လူမျိုး ဘာသာမရွေး လူတိုင်းက သေသေချချာ သိရှိနားလည်ထားသင့်တယ်လို့လည်း အဟ်မဒ်ရှားက ဆိုပါတယ်။
“အစ္စလာမ်သာသနာဟာ လူအုပ်စုတစ်ခုတည်းအတွက် ဖြစ်လာတဲ့ သာသနာ မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ဘ၀နေနည်းဖြစ်ပြီး၊ ကမ္ဘာကြီးကို ကောင်းခြင်းတွေ သယ်ဆောင်လာပေးတဲ့ ဘာသာတရားပါ။ တိုင်းပြည်ရဲ့ ညီညွတ်မှု၊ သဟဇာတဖြစ်မှုကို ထိခိုက်စေတဲ့ အဖွဲ့တွေ၊ လုပ်ရပ်တွေအတွက် ထိထိရောက်ရောက် အရေးယူရပါမယ်”
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကစတင်ပြီး မလေးရှားနိုင်ငံမှာ လူမျိုး၊ ဘာသာအခြေခံ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ UMNO ပါတီနဲ့ PAS ပါတီတို့က လက်ရှိ အာဏာရ Pakatan Harapan ပါတီဟာ မလေးလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ အစ္စလာမ်သာသနာကို ရောင်းစားနေတယ်လို့ စွပ်စွဲထားပါတယ်။
ဆူလ်တန် အဟ်မဒ်ရှားက အစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်တဲ့အခါ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီကနေ့ခေတ် ပြည်သူတွေဟာ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းသာ လိုချင်တာမျိုး မဟုတ်တော့ပါဘူး။ သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့အစိုးရ၊ တာဝန်ခံမှုရှိတဲ့၊ ဥပဒေစိုးမိုးအောင်ဆောင်ရွက်ပြီး တိုင်းပြည်ကို မြှင့်တင်ပေးတဲ့ အစိုးရမျိုးကိုလည်း လိုချင်ကြပါတယ်”
လက်ရှိ အစိုးရက ဆောင်ရွက်နေတဲ့ နိုင်ငံလုံးဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းကို ဘုရင်က ချီးကျူးခဲ့သလို၊ အကျိုးကျေးဇူးကို ချက်ခြင်းခံစားရမှာ မဟုတ်ပေမယ့် အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် ယုံကြည်မှုထားကြဖို့၊ လက်တွေ့ကျတာတွေကိုသာ တောင်းဆိုပြီး မိမိကိုယ်တိုင်လည်း တိုးတက်အောင် ကြိုးစားကြဖို့ မလေးရှားပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဘုရင်ကြီးရဲ့မိန့်ခွန်းဟာ အလွန်ပြည့်စုံပြီး လူမျိုးစုံညီညွတ်ရေးကို အဓိကထားခဲ့ကြောင်း၊ မလေးရှားရဲ့ ဘာသာပေါင်းစုံတည်ရှိမှုကို လူမှုအလွှာတိုင်းက အလေးထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: CNA
Comments