မတ် ၁၂၊ ၂၀၁၉
M-Media
– တနင်္ဂနွေနေ့က အီသီယိုးပီးယား ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမျိုးအစားတူ Boeing 737 MAX လေယာဉ်တွေ အသုံးပြုမှု ခေတ္တရပ်ဆိုင်းတဲ့ လေကြောင်းလိုင်းတွေထဲမှာ အီသီယိုးပီးယားနဲ့ တရုတ်နိုင်ငံတို့အပြင် အင်ဒိုနီးရှားနဲ့ စင်ကာပူနဲ့ သြစတေးလျတို့လည်း ပါဝင်လာခဲ့ပါတယ်။
စင်ကာပူအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ SilkAir က သူတို့မှာရှိနေတဲ့ Boeing 737 MAX လေယာဉ် ၆ စီးကို မတ်လ ၁၂ ရက်နေ့ (ယနေ့) ကစပြီး ပြေးစွဲမှု ခေတ္တရပ်ဆိုင်းသွားမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ခဲ့တာဖြစ်ပြီး လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။ ဒါဟာ ၆ လအတွင်း ဒုတိယမြောက် Boeing 737 MAX လေယာဉ် ပျက်ကျမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က Boeing 737 MAX လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။
စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘၅ လအတွင်း Boeing 737 MAX လေယာဉ်နှစ်စင်း ပျက်ကျခဲ့ပြီးနောက် ဒီလေယာဉ်တွေ စင်ကာပူကို ၀င်၊ ထွက်ပျံသန်းမှု ယာယီ ပိတ်ပင်လိုက်တယ်’ လို့ ဖော်ပြထားပါတယ်။ ဒီလို ပိတ်ပင်မှုအတွက် ခရီးသည်တွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့အတွက် ချန်ဂီလေဆိပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း CAAS က ပြောပါတယ်။
အီသီယိုးပီးယားအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် Boeing 737 MAX အသုံးပြုမှုကို ရပ်ဆိုင်းထားဖို့ ပြည်တွင်းလေကြောင်းလိုင်းတွေကို တနင်္လာနေ့က အမိန့်ပေးခဲ့ပါတယ်။
သြစတေးလျနိုင်ငံ အရပ်ဖက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့ကလည်း ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် Boeing 737 MAX လေယာဉ် အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ Boeing 737 MAX အသုံးပြုမှုကို ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံတွေက အီသီယိုးပီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ သြစတေးလျနဲ့ စင်ကာပူတို့ ဖြစ်ကြပြီး အီတလီ၊ အိုမန်၊ တူရကီနဲ့ ရုရှားလေကြောင်းလိုင်းတွေက ပျက်ကျသွားတဲ့ လေယာဉ်ကိစ္စ စုံစမ်းမှုကို အနီးကပ် စောင့်ကြည့်နေကာ၊ ဘိုးအင်းကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန် အရပ်ဖက် လေကြောင်းအာဏာပိုင်တွေက ဘိုးအင်းအနေနဲ့ Boeing 737 MAX လေယာဉ်ရဲ့ အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် မဆိုင်းမတွဆောင်ရွက်ဖို့ အမိန့်ပေးထားပါတယ်။
Ref: Aljazeera
Comments