မတ် ၁၇၊ ၂၀၁၉
M-Media
– ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ ခုမှာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူကို မုန်းတီးတာမျိုးမရှိဘဲ ခွင့်လွှတ်ခြင်းဖြင့်သာ ရှေ့ဆက်မယ်လို့ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မွတ်စလင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
“ပုဂ္ဂိုလ်ရေးအရ မမုန်းဘူးလို့ သူ့ကိုကျွန်တော် ပြောချင်ပါတယ်။ သူလုပ်ခဲ့တာကို ကျွန်တော် လက်မခံနိုင်ဘူး။ အမှားတစ်ခုကို သူ ကျူးလွန်ခဲ့တာပါ” လို့ ဖာရစ် အဟ်မဒ်က AFP သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
ခရိုက်ချက်မြို့လယ်က အလ်-နူရီ ဗလီကို လူဖြူအစွန်းရောက် ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်မှုအတွင်း အသက် ၅၉ နှစ်အရွယ် အဟ်မဒ်ဟာ
အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် ဇနီးဖြစ်သူ ၄၄ နှစ်အရွယ် ဟိုစနာ အဟ်မဒ် သေဆုံးသွားခဲ့ပါတယ်။ ဟိုစနာဟာ လမ်းမလျှောက်နိုင်တဲ့ ခင်ပွန်းဖြစ်သူဘေးလွတ်ရာရောက်အောင် ပို့ဆောင်ပေးရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားကို ခွင့်လွှတ်လားလို့ မေးမြန်းရာမှာ “ခွင့်လွှတ်ရမှာပေါ့။ ခွင့်လွှတ်ခြင်း၊ ရက်ရောခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်း၊ အကောင်းမြင်ခြင်းနဲ့ ဖေးမစောင့်ရှောက်ပေးခြင်းတို့ ဆိုတာတွေဟာ သိပ်ကို ကောင်းမြတ်တဲ့အရာတွေပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့မှာ ၀တ်ပြုသူတွေကို အကြမ်းဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၅၀ သေဆုံးခဲ့ပါတယ်။
အဟ်မဒ်နဲ့ ဟိုစနာတို့ဟာ ၁၉၉၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်ကနေ နယူးဇီလန်ကို ပြောင်းရွှေ့အခြေချလာတာဖြစ်ပြီး သမီးတစ်ဦး ရှိပါတယ်။ အဟ်မဒ်ဟာ ၁၉၉၈ ခုနှစ်မှာ ကားတိုက်ခံရပြီးကတည်းက လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဗလီအတွင်း ပစ်ခတ်မှုတွေစတဲ့အခါ ဟိုစနာက အမျိုးသမီးနဲ့ ကလေးအဆောင်က အမျိုးသမီးတွေ၊ ကလေးတွေကို လွတ်မြောက်အောင် ကူညီပေးခဲ့ပြီးတဲ့နောက် အမျိုးသားအဆောင်ဖက်ကူးကာ ခင်ပွန်းဖြစ်သူကို ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
” ‘ဒီကနေထွက် မြန်မြန်လာ’ လို့ အော်ပြီး ပြေးလာတယ်။ အမျိုးသမီးနဲ့ ကလေးတော်တော်များများကို သူက ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူက ကျွန်တော့်အခြေအနေကိုကြည့်ဖို့ ရောက်လာတယ်။ ကျွန်တော်က ဘီးတပ်ကုလားထိုင်မှာ လမ်းမလျှောက်နိုင်ဘူးလေ။ ဗလီဝင်းထွက်ပေါက်နားလည်းရောက်ရော အပစ်ခံလိုက်ရတယ်။ တစ်ခြားလူတွေရဲ့အသက်ကို ကယ်ရင်း သူ့အသက်ကို သူ မေ့သွားရှာတယ်” လို့ ဖာရစ်အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
သေနတ်သမား ဘရန်တန် တားရန့်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ စနေနေ့က ရုံးထုတ်စဉ်မှာ တားရန့်ဟာ လူဖြူအစွန်းရောက်ဝါဒ သင်္ကေတကို လက်ကနေ လုပ်ပြခဲ့ပါတယ်။ ၇၄ မျက်နှာရှိတဲ့ စစ်ချက်မှာ တားရန့်က သူဟာ ပြင်သစ်နဲ့ အနောက်ဥရောပနိုင်ငံတွေကို သွားခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီ၊ မေလလောက်မှာကတည်းက တိုက်ခိုက်မှုလုပ်ဖို့ စဉ်စားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
ဖာရစ်အဟ်မဒ်က သေနတ်သမားနဲ့ထိုင်ပြီး စကားပြောခွင့်ရမယ်ဆိုရင် ဘ၀နေနည်းကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
“ကြင်နာဖော်ရွေပြီး၊ လူသားဝါဒကိုလက်ကိုင်ထားတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကျွန်တော် သူ့ကိုပြောမယ်။ သူ့ကို အကောင်းဆုံးသောပုံစံနဲ့ ကျွန်တော် ဆက်ဆံမယ်။ သူဟာ တစ်နေ့မှာ လူကောင်းသူကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပြီး အဲဒီလိုဖြစ်ဖို့လည်း ဆုတောင်းပေးပါတယ်။ သူ့အပေါ်မှာ ဘယ်လိုအာဃတတရားမှ မရှိပါဘူး”
Ref: AFP
Comments