မတ် ၂၅၊ ၂၀၁၉
M-Media
– ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ကျောင်းဆရာဆု (Global Teacher Prize) ကို ကင်ညာနိုင်ငံ ကျေးလက်ဒေသက သိပ္ပံဆရာ ပီတာ တာဘီချီက ရရှိသွားပါတယ်။
တာဘီချီဟာ ကင်ညာနိုင်ငံရဲ့ ဝေးလဲခေါင်ဖျားတဲ့ ရစ်ဖ်တောင်ကြားက အလယ်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူ့လစာရဲ့ ၈၀ ရာခိုင်နှုန်းကို ချို့တဲ့တဲ့ ကျောင်းသားတွေကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။
စာအသင်အပြကောင်းမှု၊ ကျောင်းသားတွေအတွက် အနစ်နာခံမှုတွေကြောင့် တာဘီချီဟာ နာမည်ကျော်ပြီး၊ ကျောင်းသားတွေကို သိပ္ပံဆိုင်ရာမှာ ထူးချွန်စေချင်သူလည်း ဖြစ်ပါတယ်။ တာဘီချီရဲ့ ကျောင်းသားတွေဟာ ပြည်တွင်းနဲ့ ပြည်ပက သိပ္ပံပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရရှိကြပြီး ယူကေ Royal Society of Chemistry အဖွဲ့က ချီးမြှင့်တဲ့ သိပ္ပံဆိုင်ရာဆု ရရှိခဲ့သူတွေတောင် ရှိပါတယ်။
အခုရရှိတဲ့ဆုကြောင့် သူ့ရဲ့လုပ်ဆောင်မှုတွေအပေါ် အားကျတာတွေ၊ ကင်ညာနိုင်ငံသာမကဘဲ အာဖရိကတစ်တိုက်လုံးမှာ သိပ္ပံနယ်ပယ်ကို မြှင့်တင်လုပ်ဆောင်တာတွေ ဖြစ်လာဖို့ တာဘီချီက မျှော်လင့်နေပါတယ်။ အာဖရိကလူငယ်တွေဟာ အလားအလာရှိတဲ့သူတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“အောက်ခြေမှာလုပ်ရတဲ့ ဆရာတစ်ယောက် ဖြစ်တဲ့အတွက် ကလေးငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ပါရမီ၊ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေကို တွေ့မြင်ရပါတယ်။ အာဖရိက လူငယ်တွေဟာ နောက်ထပ် အထင်အမြင်သေးခံရတော့မှာ မဟုတ်ပါဘူး။ အာဖရိကဟာ သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေကို မွေးထုတ်ပေးနိုင်တော့မှာဖြစ်ပြီး တစ်နေ့ကြရင် ကမ္ဘာကြီးရဲ့ နယ်ပယ်တိုင်းမှာ သူတို့ရဲ့အမည်ကို ကြားရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်မှုမှာ မိန်းကလေးငယ်တွေလည်း အဓိကကျတဲ့ အစိတ်အပိုင်းကနေ ပါဝင်လာမှာ ဖြစ်ပါတယ်”
Global Teacher Prize ဆုကို Varkey Foundation က ဒူဘိုင်းမှာ မနေ့က ချီးမြှင့်ခဲ့တာဖြစ်ပြီး တာဘီချီဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံက ကျောင်းဆရာတစ်သောင်းကို ကျော်ဖြတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုကြေးငွေက အမေရိကန်ဒေါ်လာ တစ်သန်း ဖြစ်ပါတယ်။
သူသင်ကြားပေးနေတဲ့ကျောင်းမှာ စာအုပ်တွေ၊ ဆရာတွေ မလုံလောက်ဘဲ၊ သိပ္ပံသင်ခန်းစာအတွင် လိုအပ်တာတွေကို Download ဆွဲဖို့ အင်တာနက်ဆိုင်ကို တကူးတက သွားရောက်ရတယ်လို့လည်း တာဘီချီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ကင်ညာနိုင်ငံရဲ့ ရစ်ဖ်တောင်ကြားဒေသမှာ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့အတွက် ၄ မိုင်ကျော်လောက် လမ်းလျှောက်ရပါတယ်။
တာဘီချီကတော့ အခက်အခဲ အကျပ်အတည်းတွေ ရှိပေမယ့် ကျောင်းတွေကို သိပ္ပံပညာရပ် သင်ပေးကာ အနာဂတ်တွေလှပအောင် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: BBC
Comments