မတ် ၂၉၊ ၂၀၁၉
M-Media
– မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့ ဗလီဝတ်ကျောင်းတော်နှစ်လုံးကို လူဖြူ အစွန်းရောက်တစ်ဦးက အကြမ်းဖက်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို နယူးဇီလန်က ဒီကနေ့မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက လူသောင်းချီ တက်ရောကခဲ့ပါတယ်။
ခရိုက်ချက်မြို့ ဟက်ဂလေပန်းခြုံမှာ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်၊ မွတ်စလင်ခေါင်းဆောင်တွေနဲ့ အကြမ်းဖက်မှု လွတ်မြောက်လာသူ တစ်ဦးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာရ်ဒန်က နယူးဇီလန်ကို မိမိတို့လိုချင်တဲ့နေရာတစ်ခုဖြစ်လာအောင် လုပ်ဆောင်ဖို့ဟာ မိမိတို့တာဝန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အမုန်း၊ ကြောက်ရွံ့မှုနဲ့ အခြားအရာတွေ မစွဲကပ်အောင် ကျွန်မတို့ လုပ်လို့မရပါဘူး။ ဘယ်တုန်းကမှလည်း လုပ်လို့ မရခဲ့ဘူး။ ဒါပေမယ့် ဒါကို ကုသတဲ့နည်းကို ရှာတွေ့တဲ့နိုင်ငံတော့ ဖြစ်နိုင်ပါတယ်”
ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့ကို သြစတေးလျနိုင်ငံသား သေနတ်သမား ဘရန်တန် တားရန့်က ၀င်ရောက်ပစ်ခတ်မှုအတွင်း လူ ၅၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဝန်ကြီးချုပ် အာရ်ဒန်က ကမ္ဘာကြီးဟာ အစွန်းရောက်ဝါဒ ၀ဲဂယက်မှာ တစ်ဝဲလည်လည်ဖြစ်နေပြီး၊ ဒါကိုဖြေရှင်းနိုင်မယ့်အဖြေက မိမိတို့ရဲ့ လူသားဆန်မှုမှာ ရှိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နယူးဇီလန် ဌာနေလူမျိုး မောင်ရီတွေရဲ့ ၀တ်စုံကို ၀င်ဆင်ထားတဲ့ အာရ်ဒန် စင်ပေါ်ကိုတက်တဲ့အခါမှာ ပရိတ်သက် မတ်တပ်ရပ်လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းက သံအမတ်တွေ တက်ရောက်ခဲ့ပြီး နယူးဇီလန် နိုင်ငံပိုင် ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်တွေက အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့တဲ့ ဗြိတိသျှအဆိုတော် ကက်စတီဗင်လည်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ နာမည်ကျော် ငြိမ်းချမ်းရေးသီးချင်း Peace Train နဲ့ Don’t be Shy တို့ကို သီဆိုဖျော်ဖြေခဲ့ပါတယ်။
မေတ္တာနဲ့ ရှေ့ဆက်မယ်
အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင် လက်မတင်လည်း လွတ်မြောက်ခဲ့တဲ့ ဖာရစ်အဟ်မဒ်က အောက်မေ့ဖွယ်အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သေနတ်သမားကို ခွင့်လွှတ်တယ်လို့ ပြောခဲ့သလို၊ ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
“မီးတောင်တစ်ခုလို ပူလောင်ဆူပွက်နေတဲ့ နှလုံးသားမျိုး ကျွန်တော် မလိုချင်ပါဘူး။ မေတ္တာတွေ၊ ဂရုဏာတွေ၊ သနားကြင်နာမှုတွေ ပြည့်နေတဲ့ နှလုံးသားမျိုးကိုသာ အလိုရှိပါတယ်”
အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသမီးတွေထဲက အချို့ဟာ အစ္စလာမ်ဘာသာဝင်တွေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ပုဝါတွေ ၀တ်ဆင်ခဲ့ကြပါတယ်။
ကန်တာဘူရီ မွတ်စလင်ကောင်စီဥက္ကဌ ရှာဂက်ဖ် ခန်းက အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နယူးဇီလန်နိုင်ငံရဲ့ တုန့်ပြန်မှုကို ချီးကျူးခဲ့ပြီး မျှော်လင့်ချက်ကောင်း ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီအမုန်းတရားကနေ မေတ္တာတွေ ဘယ်လောက် မျှဝေနိုင်လဲ။ ဒီအမှောင်လွှမ်းမှုကနေ အလင်းတန်းတွေ ဘယ်လောက် ဖြန့်ကျက်နိုင်သလဲ” လို့ သူက ပရိတ်သတ်တွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
ခရိုက်ချက်မြို့ မြို့တော်ဝန် လီယာနီ ဒါလ်ဇီလ်က ဆိုရှယ်မီဒီယာတွေအနေနဲ့ ပိုမို တာဝန်ယူမှုရှိဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ သေဆုံးသွားသူ ၅၀ စလုံးရဲ့ အမည်တွေကို ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသူတွေက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ခဲ့ကြပါတယ်။ သေဆုံးသူတွေဟာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးငယ်တွေ ပါဝင်ပြီး အသက်အငယ်ဆုံး သေဆုံးသူက ၃ နှစ်အရွယ် ကလေးငယ်လေး ဖြစ်ပါတယ်။
Ref: BBC
Comments