မတ် ၃၁၊ ၂၀၁၉
M-Media
– ဂျေရုစလင်ဟာ ခရစ်ယာန်၊ ဂျူးနဲ့ မွတ်စလင်တွေ ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ ပြယုဂ်တစ်ခု’ ဖြစ်သင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မော်ရိုကိုဘုရင် မိုဟာမက် ၆ ရဲ့ ဖိတ်ကြားမှုကြောင့် စနေနေ့က မော်ရိုကိုနိုင်ငံ မြို့တော်ရာဘတ်ကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ညီညွတ်ရေး အထောက်အကူဖြစ်စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးကို ဒီလို ဖိတ်ကြားခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင် ၁.၃ ဘီလီယံရဲ့ အကြီးအကဲဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ လူပေါင်း ၁ သောင်းဆန့်တဲ့ Rabat အားကစားကွင်းမှာ တနင်္ဂနွေနေ့ကျရင် ကက်သလစ်ဘာသာဝင်တွေကို တွေ့ဆုံ တရားဟောဖို့ ရှိသလို၊ နိုင်ငံအတွင်း ကက်သလစ်အသင်းတော်က ဆောင်ရွက်ပေးနေတဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစစ်ဘုန်းကြီးတွေ၊ အခြား ခရစ်ယာန်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
မော်ရိုကိုဘုရင်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ စနေနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဂျေရုစလင်ဟာ လူသားအားလုံး၊ အထူးသဖြင့် ထာဝရဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာကြီး ၃ ခု နောက်လိုက်တွေရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
“ဂျေရုစလင်ရဲ့ ဘာသာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ ၀ိသေသလက္ခဏာ၊ နာမ်ပိုင်းဆိုင်ရာ ဆုံမှတ်ကျမှုနဲ့ ယဉ်ကျေးမှုအမှတ်သညာဆိုင်ရာ ထူးမြတ်မှုတွေကို ကာကွယ်မြှင့်တင်သွားရမှာ ဖြစ်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးအပါအ၀င် ကမ္ဘာတစ်ဝှမ်းက ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။ ပါလက်စတိုင်းဟာ ဂျေရုစလင်ကိုမြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်လိုနေတာ ဖြစ်ပါတယ်။
ဂျေရုစလင်ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဗိသုကာဆိုင်ရာ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းရေး အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ကော်မတီမှာ မော်ရိုကိုဘုရင်က ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။
အစွန်းရောက်ဝါဒကို ဆန့်ကျင်
ကြိုဆိုပွဲအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက “ဘာသာရေးအယူသည်းမှုကို ဆန့်ကျင်ဖို့ အရေးကြီးကြောင်း” ၊ ဘာသာရေးလမ်းညွှန်မှုတွေကို ဆောင်ရွက်ရာမှာ အနာဂတ်အတွက် သင့်လျော်တဲ့ပုံစံမျိုး ဖြစ်လာအောင် ပြင်ဆင်ထားသင့်ကြောင်း တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်
ပုပ်ရဟန်းမင်းကြီးဟာ စနေနေ့ညနေပိုင်းက Hassan ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေဆုံခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ မော်ရိုကိုဘုရင် မိုဟာမက် ၆ က အစွန်းရောက်ဝါဒကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါတယ်။
“အကြမ်းဖက်သမားတွေ ဖြစ်လာတယ်ဆိုတာဟာ ဘာသာရေးကြောင့် မဟုတ်ပါဘူး။ ဘာသာတရားကပေးတဲ့အသိ မရှိတာကြောင့်ပါ။ ဒီလို အသိအဉာဏ်ကင်းမဲ့မှု၊ ဒီလိုသည်းမခံနိုင်မှုတွေအတွက် ဘာသာတရားကို ဆွဲထည့်နေတာမျိုး ရပ်တန့်ဖို့အချိန်ကျပါပြီ”
မော်ရိုကိုနိုင်ငံ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေက လူနည်းစု ဖြစ်ပါတယ်။ မော်ရိုကိုဘုရင်ဟာ အနောက်အာဖရိကရဲ့ “ဘာသာပေါင်းစုံတပ်မှူး” အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။
Ref: Aljazeera
Comments