ဧပြီ ၄၊ ၂၀၁၉
M-Media
– နိုင်ငံပိုင် 1MDB လုပ်ငန်းက ပျောက်ဆုံးသွားတဲ့ ရန်ပုံငွေတွေနဲ့ ၀ယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံရွက်လှေကို မလေးရှားအစိုးရက ပြည်တွင်းကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ ရောင်းချဖို့ စိစဉ်နေပါတယ်။
Equanimity လို့ အမည်ပေးထားတဲ့ အဲဒီရွက်လှေမှာ ရေကူးကန်၊ ရဟတ်ယာဉ်ကွင်းနဲ့ ရုပ်ရှင်ရုံတွေ ပါဝင်ပြီး မလေးရှားစီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ သူဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရနဲ့ပေါင်းကာ 1MDB လုပ်ငန်းက ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး လက်ရှိမှာ ထွက်ပြေးနေပါတယ်။
Equanimity ကို ကန်ဒေါ်လာ သန်း ၂၅၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး အဲဒီငွတွေဟာ 1MDB က ငွေတွေဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေတာပါ။ မလေးရှားအစိုးရသစ်က ဒီရွက်လှေကို ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
မလေးရှားရှေ့နေချုပ် တော်မီ သောမတ်စ်က ကေမန်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ဒီရွက်လှေကို Genting Malaysia စီးပွားရေးလုပ်ငန်းစုထံ ရောင်းချသွားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ Genting Malaysia လုပ်ငန်းဟာ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ နိုင်ငံရဲ့ ပထမဆုံး လိုင်စင်ရ ကာစီနိုလောင်းကစားလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
“ဇိမ်ခံရွက်လှေ Equanimity ကို ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ Genting Malaysia လုပ်ငန်းကို ရောင်းချတော့မှာဖြစ်ကြောင်း ကြေငြာလိုပါတယ်” လို့ ရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ လ ရွက်လှေကို သိမ်းဆည်းပြီးကတည်းက ဒီရွက်လှေကိုဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး Geting Malaysia ကပေးတဲ့ဈေးဟာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးချုပ်မဟာသီဦးဆောင်တဲ့ မလေးရှားအစိုးရဟာ နာဂျစ်ရာဇတ်လက်ထက် ပျောက်ဆုံးသွားတဲ့ 1MDB လုပ်ငန်းက ငွေတွေကို ပြန်လည်ရရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာဖြစ်ပါတယ်။ နာဂျစ်ရာဇတ်ကတော့ လက်ရှိမှာ ခြစားမှုအပါအ၀င် စွဲချက်များစွာနဲ့ တရားစွဲဆို ခံထားရပါတယ်။
Ref: Arab News
Comments