ဧပြီ ၅၊ ၂၀၁၉
M-Media
– အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို အစိုးရက အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်မပေးတဲ့အတွက် လူပေါင်း တစ်သိန်းနီးပါးလောက် လိုအပ်တဲ့အကူအညီတွေ မရရှိဘူးလို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မျာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရဟာ ဇန်န၀ါရီ ၁၀ ရက်နေ့ကစလို့ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကူအညီပေးရေးမလုပ်ဖို့ ကန့်သတ်ခဲ့ပြီး၊ အခု ကန့်သတ်ချက်အသစ်ကြောင့် မြောက်ဦးမြို့ရဲ့ ကျေးလက်ဒေသတွေကိုပါ ရိုက်ခတ်မှုရှိတယ်လို့ ဆိုပါတယ်။
ဒီကြေငြာချက်ကို Action Contre la Faim၊ CARE၊ Oxfam နဲ့ Save the Children တို့ အပါအ၀င် အကူအညီပေးရေး အဖွဲ့အစည်း ၁၆ ခုက လက်မှတ်ရေးထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အရင်ကတည်းက စိုးရိမ်နေရတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။
“တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက လူ ၉၅၀၀၀ လောက်ဟာ အခြေခံလိုအပ်ချက်တွေ၊ အသက်ရှင်သန်ဖို့ လိုအပ်နေတာတွေ မရရှိကြပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သန့်ရှင်းတဲ့ရေ ရရှိရေး စတာတွေဟာ တော်တော်ကို အခြေအနေ ဆိုးရွားနေပါတယ်”
အသက်မွေးဝမ်းကြောင်း စီမံကိန်းတွေ၊ စိုက်ပျိုးရေး ထောက်ပံ့မှုနဲ့ အခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ရပ်ဆိုင်းထားရတာကြောင့် စားနပ်ရိက္ခာ ဖူလှုံရေး၊ ရပ်ရွာ သာယာဝပြောရေးကို ထိခိုက်နေပြီး၊ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီခွင့်ပြုထားပေမယ့် လိုအပ်ချက်တွေက ကြီးကြီးမားမား ရှိနေသေးတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အကူအညီပေးရေးလုပ်ဆောင်သူတွေ အန္တရာယ်ကင်းဖို့ဟာ အစိုးရအတွက် ဦးစားပေးကိစ္စဖြစ်တယ်ဆိုတာကို နားလည်တယ်လို့ ဒီအဖွဲ့တွေက ပြောပါတယ်။
“ရခိုင်ပြည်နယ်တစ်ဝှမ်း မတူညီတဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် မတူညီတဲ့ အကူအညီပေးရေး နည်းလမ်းတွေ လိုအပ်နေပေမယ့် တိုက်ခိုက်မှုတွေ၊ လတ်တလော မလုံခြုံမှုတွေ တိုက်ရိုက်ခံစားရမှုမရှိတဲ့ ဒေသတွေမှာ အကူအညီပေးခွင့် ရရမှာပါ။ မြို့နယ်တွေအားလုံးကို လုံခြုံရေးစိုးရိမ်ရမှုတစ်ခုတည်းနဲ့သာ ကြည့်မယ်ဆိုရင် လိုအပ်ချက်တွေရှိနေတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ ဆိုးရွားသွားမှာပါ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
နောက်ဆုံးမှာတော့ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လျင်လျင်မြန်မြန်နဲ့ အဟန့်အတားမရှိ အကူအညီပေးနိုင်ရေး ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေး အဖွဲ့တွေကို ခွင့်ပြုပေးဖို့အတွက် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
Ref: Frontier Myanmar
(Frontier Myanmar အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)
Comments