ဧပြီ ၉၊ ၂၀၁၉
M-Media
– နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကတိက၀တ်တွေနဲ့ နှစ်ဖက် အကျိုးမျှော်တဲ့ ဆက်ဆံရေးကို ရှေ့ဆက် ထိန်းသိမ်းသွားမယ်လို့ မလေးရှားနဲ့ စင်ကာပူဝန်ကြီးချုပ်တို့က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
၉ ကြိမ်မြောက် နှစ်နိုင်ငံ အလွတ်သဘောတွေ့ဆုံပွဲအဖြစ် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နဲ့ တွေ့ဆုံခဲ့တာပါ။
စင်ကာပူဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ရှိလာနိုင်တာကို သိရှိထားပြီး ဒါတွေကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံဟာ မိသားစုနဲ့ စီးပွားရေးဆိုင်ရာ ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိနေကြောင်း မဟာသီနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“မလေးရှားအစိုးရသစ်လက်ထက်မှာ ဒီဆက်ဆံရေးတွေကို မပြောင်းလဲအောင် ထိန်းသိမ်းသွားမှာပါ”
အခုဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ရေပိုင်နက်နဲ့ လေပိုင်နက် အချင်းများမှုအကြောင်းကို ဆွေးနွေးခဲ့ကြပြီး တင်းမှာမှုတွေကို လျှော့ချဖို့အတွက် သဘောတူခဲ့ကြပါတယ်။ ၀န်ကြီးချုပ်နှစ်ဦးအပြင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေလည်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက သြဂုတ်လ ၉ ရက်နေ့မှာကျရောက်မယ့် စင်ကာပူအမျိုးသားနေ့ကို တက်ရောက်ဖို့အတွက် မလေးရှားဝန်ကြီးချုပ် မဟာသီကို ဖိတ်ကြားခဲ့ပြီး မဟာသီကလည်း လက်ခံခဲ့ပါတယ်။
Ref: CNA
Comments