ဧပြီ ၁၅၊ ၂၀၁၉
M-Media
– လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို ၃၂ သင်းကနေ ၄၈ သင်း တိုးချဲ့ကာ ကျင်းပနိုင်ရေး အိမ်ရှင်တစ်နိုင်ငံ ထပ်ရဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌက ကူဝိတ်နိုင်ငံကို မနေ့က သွားရောက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး နောက်ထပ် ၁၆ သင်း ထပ်တိုးမယ်ဆိုရင် ပင်လယ်ကွေ့နိုင်ငံတွေထဲက အနည်းဆုံး တစ်နိုင်ငံဟာ ပူးတွဲအိမ်ရှင်အဖြစ် ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုဟာ မနေ့က ကူဝိတ်ဘုရင်၊ ကူဝိတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ ကာတာကို သွားရောက်မှာ ဖြစ်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေထဲက ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ ကာတာကို သံတမန်ရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ဖီဖာရဲ့ ပြီးခဲ့တဲ့လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကူဝိတ်နဲ့ အိုမန်တို့သာ ရွေးချယ်စရာအဖြစ် ကျန်ရှိပါတယ်။ ဒါပေမယ့် အိုမန်က သူ့နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်အတွက် အချိန်မီ မပြင်ဆင်နိုင်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့တာကြောင့် ဖီဖာဥက္ကဌဟာ ကူဝိတ်တစ်နိုင်ငံတည်းနဲ့သာ ညှိနှိုင်းရတာ ဖြစ်ပါတယ်။
ဖီဖာက အင်ဖန်တီနိုရဲ့ ကူဝိတ်ခရီးစဉ်အတွင်း တိုင်းပြည်က ဘောလုံးအကြောင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပဖို့ ပြင်ဆင်ထားပြီး ၄၈ သင်းဖြစ်မယ်ဆိုရင် ပွဲပေါင်း ၈၀ ကစားရမှာ ဖြစ်ပါတယ်။
ထပ်တိုးလာတဲ့ ၁၆ သင်းအတွက် အနည်းဆုံး ဘောလုံးကွင်း ၂ ကွင်း လိုအပ်မှာပါ။ ကူဝိတ်စီးတီးက လူ ၆ သောင်းဆန့် ဂျာဘာရ် အလ်-အဟ်မဒ် အားကစားကွင်းဟာ ကမ္ဘာ့ဖလားကို လက်ခံကစားလို့ ရပေမယ့် ဆာဘာဟ် အလ်-စလင်မ် အားကစားကွင်းကတော့ ၂၆၀၀၀ သာဆန့်ကာ အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။
လက်ရှိ ကာတာဟာ ကမ္ဘာ့ဖလားအတွက် အားကစားကွင်း ၈ ကွင်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ အင်ဖန်တီနိုက ၄၈ သင်း တိုးချဲ့ရေးဟာ ၅၀-၅၀ အနေအထားသာ ရှိတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
Ref: Aljazeera
Comments