ဧပြီ ၂၂၊ ၂၀၁၉
M-Media
– မနေ့က သိရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၉၀ အထိ မြင့်တက်လာခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အနည်းဆုံး ၂၄ ဦးကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် စုစုပေါင်း နေရာ ၈ ခုမှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ အီစတာပွဲတော်အထိမ်းအမှတ် ၀တ်ပြုဆုတောင်းဖို့ လာရောက်ကြသူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူအရေအတွက်ဟာ ၅၀၀ နီးပါးအထိ ရှိတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့မှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ အတိအကျ မသိရသေးပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းက ပေါ်ပေါက်လာခဲ့တဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့ National Thowheeth Jama’ath (NTJ) က နိုင်ငံအတွင်း ထင်ရှားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကို သီရိလင်္ကာရဲတပ်ဖွဲ့က ကြိုတင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အရင်က ခရစ်ယာန်လူ့အဖွဲ့အစည်းတွေကို မွတ်စလင်အစွန်းရောက်အဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိခဲ့ဘဲ ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်တဲ့ အစွန်းရောက် BBS အဖွဲ့က တိုက်ခိုက်တာမျိုးပဲ ရှိခဲ့ပါတယ်။ ခရစ်ယာန်အုပ်စုတွေက သူတို့ဟာ BBS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ ပိုမိုခံစားလာရပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရစ်ယာန်တွေကို ဦးတည်တဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ ခွဲခြားဆက်ဆံမှု စုစုပေါင်း ၈၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရိလင်္ကာ ဧ၀ံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ NCEASL က ပြောပါတယ်။
သီရိလင်္ကာ ကျန်းမာရေးဝန်ကြီး ရာဂျစ်ဟာ ဆီနာရတ္တနီက အီစတာပွဲတော်နေ့မှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆာင်နိုင်တယ်ဆိုတဲ့သတင်းကို ရဲတပ်ဖွဲ့ဝင်တွေက ကြိုတင်ရရှိခဲ့ပြီး ရဲချုပ်က ဧပြီလ ၉ ရက်နေ့မှာ အစိုးရတာဝန်ရှိသူတွေထံ အစီရင်ခံခဲ့တယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
“အီစတာပွဲတော်နေ့မှာ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ တိုက်ခိုက်ခံရနိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ကမ္ဘာလှည့်ခရီးသွားများတဲ့ နေရာတွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်”
ဒါပေမယ့် ဒီအစီရင်ခံစာဟာ ၀န်ကြီးတွေထံ ရောက်ရှိခြင်းမရှိခဲ့ပါဘူး။ ဖောက်ခွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးချုပ်က အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦး ဦးဆောင်တဲ့ ၃ ဦးပါ အဖွဲ့တစ်ခုကို သမ္မတ မိုင်သရီပါလာ ဆရီဆီနာက ဖွဲ့စည်းပေးခဲ့ပြီး ထောက်လှမ်းရေးအစီရင်ခံစာဟာ အစိုးရအဖွဲ့ထံ ဘာ့ကြောင့် မရောက်ခဲ့လဲဆိုတာကိုပါ ထည့်သွင်း စစ်ဆေးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ သီရိင်္လာအစိုးရဟာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်သစ်ကို ထပ်မံထုတ်ပြန်ထားပြီး နိုင်ငံတစ်ဝှမ်း လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်တဲ့ ခရီးသွားအကြံပြုချက်မှာ သီရိလင်္ကာနိုင်ငံအတွင်း ဗုံးခွဲမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
မနေ့က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အသေခံဗုံးခွဲသမား ၇ ဦးက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပြီး အားလုံးဟာ သီရိလင်္ကာ နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၃ ရက် (မနက်ဖြန်) ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း သမ္မတရုံးက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။
Ref: Aljazeera
Comments