ဧပြီ ၂၃၊ ၂၀၁၉
M-Media
– ၅ နှစ်ကြာ စမ်းသပ်မှုအတွင်း ၄၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးတစ်မျိုးကို ရှေ့ပြေးစီမံကိန်းအဖြစ် မာလာဝီနိုင်ငံက ကလေးငယ်တွေကို စတင် ထိုးနှံနေပါတယ်။
RTS,S လို့ အမည်ပေးထားတဲ့ အဲဒီ ကာကွယ်ဆေးဟာ ငှက်ဖျားဖြစ်တတ်တဲ့ ပါရာဆိုက်ပိုးမွှားကို တိုက်ဖျက်နိုင်ရေး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီဆေး ပေါ်ထွက်လာဖို့အတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ နှစ်ပေါင်း ၃၀ ကြာ ကြိုးစားခဲ့ရတာပါ။
မာလာဝီနိုင်ငံပြီးရင် လာမယ့်တစ်ပတ် ကင်ညာနဲ့ ဂါနာနိုင်ငံတို့မှာ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကာကွယ်ဆေးကို အသက် ၅ လကနေ၊ ၂ နှစ်အတွင်းရှိတဲ့ ကလေးငယ်တွေကို ထိုးနှံပေးမှာဖြစ်ပြီး တစ်နှစ်ကို ကလေးငယ် ၃၆၀၀၀၀ နဲ့ ၂၀၂၂ ခုနှစ်အထိ ဒီ ၃ နိုင်ငံမှာ ထိုးပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ငှက်ဖျားရောဂါ အဖြစ်များတဲ့နိုင်ငံတွေဖြစ်တာကြောင့် မာလာဝီ၊ ကင်ညာနဲ့ ဂါနာတို့ကို ကာကွယ်ဆေး ရှေ့ပြေးစီမံကိန်းမှာ ရွေးချယ်တာ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ ငှက်ဖျားကြောင့် တစ်နှစ်ကို ကလေးငယ်ပေါင်း ၂ သိန်းခွဲကျော် သေဆုံးနေတာပါ။
RTS,S ကာကွယ်ဆေးအတွက် ၅ နှစ်ကြာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး နိုင်ငံ ၇ နိုင်ငံက လူပေါင်း ၁၅၀၀၀ ကို ထိုးပေးခဲ့ပါတယ်။ ဆေးထိုးထားတဲ့ ကလေးငယ်တွေဟာ ရိုးရိုးငှက်ဖျားနဲ့ ပြင်းထန်တဲ့ ငှက်ဖျားတွေ ဖြစ်ပွားမှု နည်းလာတာကို တွေ့ရပြီး ၁၀ ယောက်မှာ ၄ ယောက်လောက်ဟာ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။
WHO ရဲ့ ငှက်ဖျားကာကွယ်ဆေး အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မေရီ ဟာမဲလ်က ဒီဆေးဟာ ပြည့်စုံတဲ့အဖြေမျိုး မဟုတ်ပေမယ့် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : Aljazeera
Comments