နိုဝင်ဘာ ၁၇ ၊၂၀၁၂
M-Media
နေစိုင်း
အမေရိကန်နိုင်ငံတွင် မြန်မာမွတ်စလင်များ ဦးစီးကာတည်ဆောက်နေသည့် မစ္စဂျေဒေ့ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့်ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော်၏ အုတ်မြစ်ချပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖို့ဝိုန်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
အမေရိကန်နိုင်ငံ ဖို့ဝိုန်းမြို့သို့ ပြောင်းရွေ့လာသည့် မြန်မာမွတ်စလင်ဦးရေး တိုးပွားလာမှုကြောင့် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရန်အတွက် လုပ်ငန်းစီမံချက်များအား လွန်ခဲ့သည့် နှစ် နှစ်ခန့်မှ စတင်ရေးဆွဲခဲ့ကြပြီး ဗလီဝတ်ကျောင်းတော် အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံ တဝှမ်းတွင် နေထိုင်ကြသော မြန်မာမွတ်စလင်များအပြင် အမေရိကန်နိုင်ငံတွင် နေထိုင်ကြသည့် ပါကစ္စတန်၊ ဆိုမားလီးယား၊ ဂျော်ဒန်နှင့် အရှေ့အလယ်ပိုင်းမှ မွတ်စလင်များ အပါအဝင် ရပ်နီးရပ်ဝေးမှ ကလေးလူကြီး အမျိုးသားအမျိုးသမီးပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအား ကေရအသ်ဖြင့် စတင်ခဲ့ပြီး ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကိုခင်မောင်ချိုမှလည်းကောင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး အရေးကြီးပုံနှင့် ကောင်းမူ မင်္ဂလာအကျိုး ဆဝသ်များအကြောင်း အင်္ဂလိပ်ဘာသာဖြင့် မော်လဝီ ယာဆင်မှလည်းကောင်း၊ ဗမာဘာသာဖြင့် ဟာဂျီ အီမာန် ဟူစိန်မှလည်းကောင်း တရားဒေသနာတော်များဟောကြားခဲ့ပြီး ဗလီဝတ်ကျောင်းတော် အမြန်ဆုံးအောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် စုပေါင်းဒိုအာတောင်းခံခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများစုဝေးကာ ဗလီဝတ်ကျောင်းတော်နေရာတွင် အခြေခံအုတ်မြစ် အစိတ်အပိုင်းဖြစ်သော ကျောက်ခဲများအား အလှည့်ကျ ထည့်သွင်းခဲ့ကြပါသည်။
”ဗလီဝတ်ကျောင်းတော်ရဲ့ အုတ်မြစ်ချတဲ့ အဆင့်အထိရောက်လာပြီဆိုတာ တော်ရုံတန်ရုံ ကြိုးစားခဲ့ကြတာမျိုးမဟုတ်ဘူး ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ တက်ညီလက်ညီလုပ်ကိုင်နေတာကို တွေ့ရတာ အားရစရာဘဲ။” ဟု အခမ်းအနားသို့ တက်ရောက်လာခဲ့သည့် ကနေဒါနိုင်ငံမှ ကိုသန်းထိုက် ကပြောပါသည်။
မြန်မာမွတ်စလင်တို့၏ မွေးရပ်ဇာတိမြေဖြစ်သော အမိမြန်မာနိုင်ငံတွင် ယခုကဲ့ သို့ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခွင့်အား နှစ်ပေါင်းများစွာ ကန့်သက်ပိတ်ပင်ထားသောကြောင့် မြန်မာမွတ်စလင်တို့အဖို့ ဗလီအုတ်မြစ်ချပွဲမှာ တစ်သက်တစ်ခါ ကြုံတောင့်ကြုံခဲ့ အခွင့်အလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ မြန်မာမွတ်စလင်အများ ပါဝင်နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအား တာဝန်ယူဆောင်ရွက်နေသည့် မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီစင်တာ ခေါ် ဘီအမ်အီးစီစီ ၏ ဒု ဥက္ကဌ ကိုတင်ဟိန်းလတ်မှပြောပါသည်။
” ဒီဗလီဝတ်ကျောင်းတော်ဟာလည်း မြန်မာမွတ်စလင်တွေ အားလုံးဝိုင်းဝန်း တည်ဆောက်ကြတဲ့ ဗလီ ဖြစ်တယ်။ ဒါကြောင့် ဗလီဆောက်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသလို လူတိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရအောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။” ဟု ကိုတင်ဟိန်းလတ်မှ ဆက်လက်ရှင်းပြပါသည်။
”လူတွေက အရမ်းများတယ်ဆိုပေမယ့် အားလုံးက စည်းကမ်းရှိကြတယ်။ ဦးစီးတဲ့သူတွေကလည်း စနစ်တကျ လုပ်ကြတယ်။ အားလုံးဝိုင်းကူပေးကြတယ်။ အထူးသဖြင့်ဟာဂျီမရဟီမာနဲ့ အမျိုးသမီးထုကလည်း တက်တက်ကြွကြွ လုပ်ဆောင်ကြတယ်။ ယူနွတ်ဘိုင်နဲ့ လူငယ်တွေကလည်း မနားတတမ်း တက်ညီလက်ညီ လုပ်ကြတော့ အလ္လာ့အလိုတော်နဲ့ အားလုံး အဆင်ပြေသွားတယ်။ စည်းစည်းလုံးလုံးနဲ့ စနစ်တကျ လုပ်နေကြတာ ကိုတွေ့တော့ လာစောင့်ကြည့်နေတဲ့ ရဲတွေ တောင် ချီးကြူးသွားတယ်။” ဟု ဘီအမ်အီးစီစီ ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မော်လဝီတွာဟေရ် မှပြောပါသည်။
”ဗလီရဲ့ အုတ်မြစ်ကတော့ ခိုင်မာသွားပြီ။ အမြန်ဆုံးအောင်အောင်မြင်မြင်နဲ့ တည်ဆောက်ပြီးစီးဖို့ဆိုတာ အလှူငွေကောက်ခံရရှိတဲ့ အပေါ်မှာ မူတည်ပါတယ်။ အလ္လာ့ဟ်အလိုတော်နဲ့ ဒီနေ့တစ်ရက်ထဲမှာဘဲ အမေရိကန်ဒေါ်လာ လေးသောင်း နီးပါးကောက်ခံရရှိခဲ့တယ်။ ကနေဒါဒေါ်လာနဲ့ ရွှေ တွေလည်း ပါတယ်။ ဒီလိုဘဲ တက်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းကြရင် မကြာပါဘူး၊ အင်ရှာအလ္လာ ခဏလေးနဲ့ ပြီးသွားမယ်။” ဟု ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ဟာဂျီဗေဒါမှ ပြောပါသည်။
ဗလီဝတ်ကျောင်းတော်အား အပိုင်း လေးပိုင်း ပိုင်းခြားကာတည်ဆောက်သွားရန် စီစဉ်ထားပြီး ပထမအပိုင်း တည်ဆောက်မည့် ဆွလ္လာသ်ဝတ်ပြုဆောင်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ လေးသိန်း ကျော်ကုန်ကျမည်ဖြစ်သည်။ တစ်ပေပတ်လည်အတွက် အမေရိကန်ဒေါ်လာ ၁၅၈ ဒေါ်လာနှုန်းကုန်ကျမည်ဖြစ်ပြီး ဆွလ္လာသ်ဝတ်ပြုရန် နေရာ တစ်နေရာအတွက် ဒေါ်လာ တစ်ထောင်ငါးရာ ရှစ်ဆယ် (၁၅၈၀) နှုန်းကုန်မည်ဖြစ်သည်။ အလှူငွေများထည့်ဝင်လိုပါက ဘီအမ်အီးစီစီ၏ အင်တာနက် စာမျက်နှာမှလည်းကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်လည်းကောင်း၊ တဆင့်ခံငွေလွှဲစနစ်ဖြင့်လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်းသိရပါသည်။
အသေးစိတ်အချက်အလက်များအား အဖွဲ့အစည်း၏ အင်တာနာစာမျက်နှာ www.bmeccfw.org နှင့် www.facebook.com/bmeccfw မှတဆင့်ကြည့်ရှုနိုင်ပါသည်။
Comments