အောက်တိုဘာ ၁၈၊ ၂၀၁၉
M-Media
-မြန်မာနိုင်ငံမှာ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရာမှာ သယံဇာတခွဲဝေရေးကိုပါ တစ်ပါတည်း ထည့်သွင်းဖြေရှင်းသွားသင့်တယ်လို့ ဝါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူတဲ့အဖွဲ့ Forest Trends က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Natural resource governance reform and the peace process in Myanmar (သဘာ၀ သယံဇာတ စီမံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်) လို့ ခေါင်းစဉ်ပေးထားတဲ့ အဲဒီ အစီရင်ခံစာကို အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ကျွန်း၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရေအားလျှပ်စစ်တွေအပါအဝင် မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံချီဝင်နေပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခသမိုင်းဟာ ဒါနဲ့ခွဲမရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
“ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ ဒီလို တန်ဖိုးရှိတဲ့ ရင်းမြစ်တွေကို ထိန်းချုပ်ပြီး၊ အကျိုးအမြတ်ရရှိရေးအတွက် တိုက်ခိုက်နေကြတာပါ။ သယံဇာတ အမြတ်ထုတ်ခံရမှုကြောင့် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်နေမယ့်အစား၊ သံယဇာတတွေ ထိန်းချုပ်စီမံရေးမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းက ငြိမ်းချမ်းရေးအနေအထား တိုးတက်ဖို့အတွက် ကတိကဝတ် ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲမှုဟာ ပဋိပက္ခမှာ ပါဝင်နေတဲ့ အုပ်စုတွေ ကျေနပ်တာမျိုး ဖြစ်ရပါမယ်”
Forest Trends က အကြီးတန်း လေ့လာဆန်းစစ်သူ တစ်ဦဖြစ်ပြီး ၇၂ မျက်နှာပါ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်တဲ့ ကီဗင်၀ုဒ်စ်က သယံဇာတခွဲရေးကို နည်းလမ်းတကျ မလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထမမြောက်မှာကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖက်ဒရယ်နိုင်ငံရေးမှာ ပါဝင်နေတဲ့ သံယဇာတခွဲဝေပေးရေးကိစ္စဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်အသက်ဝင်လာဖို့ အထောက်အကူဖြစ်မှာဖြစ်သလို၊ ရေရှည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုအစိုးရအကြား ငြိမ်းချမ်းမှုတည်ဆောက်ရေးတွေ အဆင်ပြေစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့လည်း ၀ုဒ်စ်က ဆိုပါတယ်။
မြေနဲ့ သယံဇာတ ပိုင်ဆိုင်ခွင့်ရရေး၊ အုပ်ချုပ်မှုအာဏာ ချုပ်ကိုင်ထားမှုကို ဖြေလျော့ပေးရေးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်ဖက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အဓိကတောင်းဆိုမှု ဖြစ်ပါတယ်။ ဒါပေမယ့် အနာဂတ် ပြည်ထောင်စုငြိမ်းချမ်းရေးမူထဲမှာတော့ သဘာ၀သယံဇာတ ခွဲဝေပေးရေး၊ ဗဟိုအစိုးရက အုပ်ချုပ်မှုအာဏာ ချုပ်ကိုင်ထားမှုကို ဖြေလျော့ပေးရေးတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေ မပါဝင်ပါဘူး။
Forest Trends ရဲ့ အစီရင်ခံစာမှာ ဖက်ဒရယ်နိုင်ငံရေး စနစ်အတွက် အာဏာနဲ့ သယံဇာတခွဲဝေပေးရေး ကိစ္စတွေကို ဆွေးနွေးရာမှာ စစ်တပ်ကိုယ်စားလှယ်တွေက ဟန့်တားမှုတွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်က ကနဦး သဘောတူညီချက်တွေဟာ သယံဇာတ ခွဲဝေရေးအတွက် နိုင်ငံရေးဆန္ဒ (political will) ရှိတယ်ဆိုတာ ပြသနိုင်တဲ့ အခွင့်အလမ်းကောင်းဖြစ်ပြီး နှစ်ဖက် အပစ်ရပ်ရေး လက်မှတ်ထိုးတာ၊ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးတာနဲ့ နောက်ဆုံးအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေမှာတော့ ဒီကိစ္စကို အကောင်အထည်ဖော်နိုင်မယ့် လုပ်ဆောင်နိုင်စွမ်းတစ်ခုကို တည်ဆောက်သွားရမယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
သဘာ၀ သယံဇာတတွေကို ထိန်းချုပ်နိုင်ငံရေးအတွက် ၁၉၉၀ ပြည့်နှစ်တွေကစလို့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့စစ်တွေအကြား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို အစီရင်ခံစာမှာ ထောက်ပြထားပြီး ပြည်သူလူထုကတော့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာမှာလည်း သယံဇာတ ခွဲဝေမှုကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်တာကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ပျက်ဆီးရတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
Ref: Frontier Myanmar
Comments