နိုဝင်ဘာ ၁၈၊ ၂၀၁၉
M-Media
-အယွတ်ဒယမြို့က အငြင်းပွား ဘာဘရီဗလီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အတွက် အနားခံစာတင်သွင်းသွားမယ်လို့ အိန္ဒိယမွတ်စလင် တတ်သိပညာရှင်များအဖွဲ့ All India Muslim Personal Law Board က ပြောကြားလိုက်ပါတယ်။
၁၆ ရာစုက ဆောက်လုပ်ထားတဲ့ ဘာဘရီဗလီကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဟိန္ဒူနဲ့ မွတ်စလင်တွေအကြား နှစ်ပေါင်း ၇၀ လောက် အငြင်းပွားခဲ့ကြတာပါ။ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ အိန္ဒိယ တရားရုံးချုပ်က ၂.၇၇ ဧက ကျယ်ဝန်းတဲ့ ဘာဘရီဗလီနေရာကို ဟိန္ဒူတွေကို ပေးအပ်ဖို့နဲ့ မွတ်စလင်တွေ ဗလီအစားဆောက်လုပ်ဖို့အတွက် အယွတ်ဒယမြို့တွင်း မြေ ၅ ဧကပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရားမွေးဖွားခဲ့တယ်ဆိုကာ ဟိန္ဒူတွေက စွပ်စွဲကာ ၁၉၄၉ ခုနှစ်မှာ ရာမနတ်ဘုရားရုပ်တု ဗလီထဲလာမထားခင်အထိ မွတ်စလင်တွေဟာ အေးချမ်းစွာ ဝတ်ပြုလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပိုင်ဆိုင်မှုအငြင်းပွားလာတာကြောင့် အစိုးရက ဘာဘရီဗလီကို ပိတ်ပစ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ဘာဘရီဗလီဟာ ဟိန္ဒူလူအုပ်စုရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လူ ၂၀၀၀ ကျော် သေဆုံးခဲ့ကာ အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။
မွတ်စလင်တွေကိုကိုယ်စားပြုပြီး တရားရင်ဆိုင်ခဲ့တဲ့ Sunni Waqf Board အဖွဲ့က တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့အနေနဲ့ အသနားခံစာမတင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် မွတ်စလင်တတ်တိပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ All India Muslim Personal Law Board က တရားရုံးချုပ်အနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရေး အသနားခံစာ တင်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
“တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ အပြစ်အနာအဆာတွေ ရှိပုံရပါတယ်။ ဒါ့ကြောင့် ပြန်လည်သုံးသပ်ရေး အနားခံစာတင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆယဒ် ကာဆင် အီလီယက်စ်က ပြောကြားခဲ့ပါတယ်။
တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဟိန္ဒူတွေက ကြိုဆိုခဲ့ပေမယ့် မွတ်စလင်တွေကြားထဲမှာတော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို လက်ခံတာကလွဲလို့ တခြားရွေးစရာနည်းလမ်းမရှိဘူးလို့ ထင်မြင်နေသူတွေလည်း ရှိနေပါတယ်။
မွတ်စလင်တွေအတွက် အယွတ်ဒယမြို့မှာ မြေ ၅ ဧကပေးရေး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ဆောင်ရွက်ပေးဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပေမယ့် အိန္ဒိယအစိုးရက အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Ref: Aljazeera
Comments