ဒီဇင်ဘာ ၁၊ ၂၀၁၉
M-Media
-ဉာဏ်ရည်တု (AI) နဲ့ Virtual Reality လို နည်းပညာတွေကို အသုံးပြုပြီး သတင်းတုတွေ ဖန်တီးဖြန့်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို တရုတ်ဆိုက်ဘာစောင့်ကြည့်ရေးဌာန (CAC) က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စည်းမျဉ်းအသစ်အရ နည်းပညာတွေကိုအသုံးပြုကာ သတင်းတု ဖန်တီးဖြန့်ဝေတာကို သတင်းဌာနတွေအပြင်၊ လူတစ်ဦးချင်းစီက ဆောင်ရွက်တာကိုပါ တားမြစ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ သတင်းတုဆိုတာဟာ တကယ့်အချက်အလက်ကို ပုံဖျက်ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ဖြန့်ဝေတာလို့ CAC က အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
အခု စည်းမျဉ်းသစ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ မလိုက်နာတဲ့သူတွေကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကိုတော့ CAC က ထုတ်ပြန်ခြင်း မရှိပါဘူး။
တစ်ကယ်မဖြစ်ခဲ့တာတွေကို တစ်ကယ်ဖြစ်ခဲ့သယောင်ယောင် နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို Deepfake လို့ ခေါ်ဆိုပါတယ်။ Deepfake သတင်းတွေဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး၊ အမျိုးသားလုံခြုံရေးနဲ့ လူထုတည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့လည်း CAC က သတိပေး ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်ရေးမှာ အွန်လိုင်းကနေ သတင်းအမှားတွေ အုံလိုက်ကျင်းလိုက် ဖြန့်ဝေမှု ဖြစ်ပေါ်ခဲ့ပြီးကတည်းက Deepfake နည်းပညာနဲ့ပတ်သက်ပြီး ပညာရှင်တွေက စိုးရိမ်ခဲ့ကြတာပါ။ ဒီနည်းပညာကို တားမြစ်ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ တရုတ်အစိုးရက အခုနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
Ref : AFP
Comments