ဒီဇင်ဘာ ၈၊ ၂၀၁၉
M-Media
-ရာသီဥတုပြောင်းလဲမှု၊ အဟာရဓာတ် ညစ်ညမ်းမှုတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေမှာ အောက်ဆီဂျင်နည်းလာပြီး ရေနေသတ္တဝါ တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ IUCN က လေ့လာထုတ်ပြန်လိုက်ပါတယ်။
IUCN ရဲ့ အခု လေ့လာမှုဟာ သုမဒ္ဒရာဆိုင်ရာမှာ အကြီးဆုံး လေ့လာမှုလည်း ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေကထွက်တဲ့ ဓာတုပစ္စည်းတွေကြောင့် သမုဒ္ဒရာတွေထဲမှာ အဟာရဓာတ်တွေ ညစ်ညမ်းကာ အောက်ဆီဂျင် နည်းပါးလာမှုကို လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက သိရှိခဲ့တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုက ဒီအခြေအနေကို ပိုမိုဆိုရွားစေတယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။
၁၉၆၀ ပြည့်နှစ်တွေတုန်းက သမုဒ္ဒရာတွေထဲ ၄၅ နေရာသာ အောက်ဆီဂျင်နည်းပါးမှုပြဿနာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ နေရာ ၇၀၀ လောက် ရှိလာပြီဖြစ်ကာ တူနာငါးနဲ့ ငါးမန်းတွေအပါအဝင် ရေနေမျိုးစိတ်တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ လေ့လာမှုက ဆိုပါတယ်။
ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်လာပြီး သမုဒ္ဒရာတွေက အပူချိန်ကို စုပ်ယူရတာကြောင့် အောက်ဆီဂျင်ထိန်းသိမ်းနိုင်မှု ပမာဏ ကျဆင်းလာတာ ဖြစ်ပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင် သိုလှောင်ထားမှုဟာ ၂ ရာခိုင်နှုန်းလောက်သာ ကျဆင်းပေမယ့် တစ်ချို့ အပူပိုင်းဒေသတွေမှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။
အောက်ဆီဂျင်နည်းလာမှုကြောင့် ဂျယ်လီငါးတွေလို အသေးစားရေနေမျိုးစိတ်တွေအတွက် ပိုမိုအဆင်ပြေလာပေမယ့် တူနာငါးလို့ ငါးကြီးတွေအတွက် မကောင်းကြောင်း၊ ကာဘွန်ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက ပုံမှန်အတိုင်းတာ တုန့်ပြန်မယ်ဆိုရင် ၂၁၀၀ ခုနှစ်အရောက်မှာ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင်သိုလှောင်မှုပမာဏဟာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
အောက်ဆီဂျင်လျော့နည်းလာမှုဟာ ရေပြင်ကနေ အောက်အနက် မီတာတစ်ထောင်အတွင်းမှာ ပိုမိုဖြစ်ပွားတာဖြစ်ပြီး ရေနေဇီ၀မျိုးစိတ်တွေ ကြွယ်၀တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
Ref: BBC
Comments