ဇန်နဝါရီ ၆၊ ၂၀၂၀
M-Media
-၂၀၁၅ ခုနှစ် နျူသဘောတူညီချက်က ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အီရန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။
သဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ အချက်တွေကိုလိုက်နာမှု တစ်ဆင့်ချင်း လျော့ချခဲ့တာ ဖြစ်ပါတယ်။
ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်ကို လိုက်နာတော့မှာမဟုတ်ဘူးလို့ အီရန်က ကြေငြာခဲ့ပေမယ့် နျူလက်နက် မထုတ်လုပ်ဘူးဆိုတဲ့ ကတိကဝတ်ကိုတော့ ဆက်လက် လိုက်နာနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်ပါ ဥရောပနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးဖွင့်ထားတယ်လို့လည်း အီရန်က ဆိုပါတယ်။
တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို အမေရိကန်က သောကြာနေ့မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာတာပါ။
ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကတော့ စာချုပ်ပါ သတ်မှတ်ချက်တွေအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်ဖို့ ကြေငြာချက်ထုတ်ကာ အီရန်ကို တိုက်တွန်းခဲ့ပါတယ်။
စာချုပ်မှာ အီရန်ရဲ့ ယူရေနီယံသန့်စင်မှု ပမာဏ၊ နျူသုတေသနလုပ်ငန်း စတာတွေကို ကန့်သတ်ထားတာပါ။ သမ္မတ ဟာဆန်ရူဟာနီက အခုကြေငြာမှုဟာ နျူသဘောတူညီချက်ပါ ကန့်သတ်ချက် မလိုက်နာမှု ပဉ္စမမြောက်နဲ့ နောက်ဆုံးအဆင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူရေနီယံသန့်စင်မှုကို ဘယ်လောက်အထိ လုပ်ဆောင်သွားမယ်ဆိုတာ အီရန်က အသေးစိတ် မပြောခဲ့ဘဲ နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA နဲ့ အရင်အတိုင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Ref: Aljazeera
Comments